တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ သင်္ကန်းတုံးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ထီးခီးနယ်စပ်ကိုသွားမယ့် ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်းဟာ ဇူလိုင် ၅ ရက် ညနေ ၄ နာရီလောက်က ထားဝယ်မြို့အနီး ၁၈ မိုင်လောက်ဝေးတဲ့ သင်္ကန်းတုံးကျေးရွာသို့ရောက်ရှိလာစဉ် ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု (ထားဝယ်-ပကဖ)(D.E.F-P.D.F)၊ Eastern Defense Force(EDF)၊ ကျားသစ်နက်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (D.E.F-P.D.F)မှ ရဲဘော်HK (ခ) ဘိုင်ဆရာ ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေးယောက်ထက်မနည်း သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ သင်္ကန်းတုံးကျေးရွာရှိ နေအိမ် သုံးအိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး သင်္ကန်းတုံးရွာသား သုံးယောက်ကိုလည်း စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီးရှိ သင်္ကန်းတုံးကျေးရွာနဲ့ ဝကုန်းကျေးရွာရှိ ပြည်သူနေအိမ်တချို့ကို စစ်ကောင်စီတပ်သားတွေက တံခါးရိုက်ဖျက်ပြီး နေအိမ်ပေါ်မွှေနှောက်ရှာဖွေကာ ဆိုင်ကယ်၊ TV၊ စားသောက်ဖွယ်ရာနဲ့ အဝတ်အထည်တွေ ခိုးယူသွားတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
အဆိုပါ တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီ တပ်တွေ ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ပတ်သက်ပြီးလည်း သတင်းမထုတ်တဲ့ အတွက် အတိအကျ မသိရသေးပါဘူး။