မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ ဇူလိုင် ၇ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲ တိုက်ခိုက်ခံရပြီး အရာရှိတဦးအပါဝင် ၆ ယောက် သေဆုံးကာ ၁၀ ယောက်လောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ဆိပ်ဖြူ-ဆောလမ်းပိုင်းကို ကား ၆ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဇူလိုင် ၇ ရက် မနက် ၁၁ နာရီကျော်လောက်မှာ တကြိမ်၊ ညနေ ၆ နာရီလောက်မှာ တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ယောက်အပါဝင် ၆ ယောက် သေဆုံးပြီး ၁၀ ယောက်လောက် ဒဏ်ရာ အပြင်းအထန်ရှိခဲ့တယ်လို့ ဆိပ်ဖြူ ဘာမထီပြောက်ကျား တပ်ဖွဲ့ရဲ့တပ်ခွဲမှူး ကိုပိုင် က ပြောပါတယ်။
“စစ်(...)အင်အားက ၂၀၀ ကျော်လောက်ရှိမယ်။ မနက်ပိုင်းမှာ တခေါက်၊ ညနေပိုင်းမှာ တခေါက် စစ်ကား ၄ စီး၊ ၁၀ ဘီးကား ၂ စီးနဲ့ လာချသွားပြီး ခြေလျင် စစ်ကြောင်းထိုးတာ။ ကျနော်တို့ဘက်က ကင်ပုန်းဝပ်နေတဲ့ ရဲဘော်တွေက မနက်ပိုင်းမှာ မိုင်းဆွဲလိုက်တော့ သူတို့ဘက်က အရာရှိတယောက်အပါဝင် ၄ ယောက်လောက်သေတယ်။ ညနေပိုင်းမှာ တကြိမ်ထပ်ဆွဲတော့ စစ်(...)တပ်သား ၂ ယောက်လောက် သေပြီး ခြေပြတ်လက်ပြတ် ဒဏ်ရာရသူ ၁၀ ယောက် လောက်ရှိတယ်။ စစ်(...)အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ကားတွေနဲ့ လာသယ်သွားကြတယ်။”
အဲဒီစစ်ကြောင်းကတော့ ဆိပ်ဖြူအခြေစိုက် က.ပ.စ ၂၁ နဲ့ပူးပေါင်းအဖွဲ့တွေဖြစ်ပြီး ဆော- ဆိပ်ဖြူ လမ်းဘက်မှာ စစ်ကြောင်းထိုးနေတာလို့ တပ်ခွဲမှူးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဆိပ်ဖြူဘာမထီပြောက်ကျားတပ်ဖွဲ့နဲ့ ချောက်-ပ.က.ဖ၊ PDF-ဆော ခွပ်ဒေါင်းတပ်တပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်အကျဆုံးမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ်မှာလည်း ဇူလိုင် ၆ ရက်က တောင်ခင်ရန်းရဲစခန်းမှာတပ်စွဲပြီး ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြောက်ခင်ရန်းရွာတောင်ဘက် အမှတ် ၂ မြောင်းမကြီးအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါ PDF က ပြောပါတယ်။
တိုက်ပွဲဟာပြင်းထန်ခဲ့ပြီး နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။
ဂန့်ဂေါ PDF ရဲဘော်တဦးက “ကျနော်တို့ဘက်က ရဲဘော်တချို့နဲ့ ပကဖအဖွဲ့ဝင်တွေစုပေါင်းပြီး ပဒေသာမိုင်း ၆ လုံးနဲ့ မိုင်း ခွဲတိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ထိခိုက်ကျဆုံးမှုတွေအများအပြားရှိနိုင်တယ်၊ အတည်ပြုလို့ တော့မရခဲ့ဘူး။ ကျနော်တို့တပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘူ။”
လတ်တလောမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲကြုံနေရပါတယ်။
စစ်ကောင်စီက ဂန့်ဂေါနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၁၁ လဝန်းကျင်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်လို့ သေဆုံး၊ ဒဏ်ရာရရှိတဲ့အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။