ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ၁၆ မိုင်ရေပူစခန်းအောက် (သံတောင်-သံတောင်ကြီး) ကားလမ်းဘေးမှာ ဘုရင့်နောင်တပ်နယ်မှူးလိုက်ပါလာတဲ့ကားကို ဇူလိုင် ၇ ရက် ညနေ ၃ နာရီလောက်က စောင့်ပြီးတိုက်ခိုက်ခဲ့တယ်လို့ သံတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ တပ်ကြပ်အဆင့်အပါအဝင်တပ်ဖွဲ့ဝင် ခြောက်ယောက် သေဆုံးခဲ့တယ်လို သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
“တပ်နယ်မှူးကားကို စောင့်ဆိုင်းပြီးတိုက်ခိုက်ခဲ့တာ။ သူတို့က လမ်းကင်းတောင်မချဘူး။ လမ်းကင်းချရင် အများသိမှာစိုးလို့။ သူများမသိအောင် လစ်ရင်လစ်သလိုသွားတယ်။ ကျနော်တို့ပစ်ခတ်ပြီးတော့ ပြန်မဆင်းရဲတော့ ညမိုးချုပ်မှ ပြန်ဆင်းလာတယ်။ တပ်တွင်းသတင်း ရင်းမြစ်ဆီက ခြောက်ယောက်သေတယ်လို့ သိရတာ။ ဒီနေ့မှ သတင်းတိတိကျကျရတယ်။”
ပြီးခဲ့တဲ့ မတ် ၈ ရက်ကလည်း သံတောင်ကြီးမြို့နယ် သောက်ရေခပ်ကျေးရွာနဲ့ သကွဲပလိုကျေးရွာအကြားမှာ စစ်ကောင်စီရဲ့ လစာနဲ့ရိက္ခာပို့ စစ်ယာဉ်တန်းကား ၅ စီးဟာ အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ ကြားဖြတ်တိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ကဆောပလို အောက်ကျေးရွာအတွင်းဝင်ရောက်ပြီး ဒေသခံရွာသားတယောက်ကို ပစ်သတ်ခဲ့သလို ကက်သလစ်ဘုရား ကျောင်းပိုင်ဆိုင်ပစ္စည်းတွေနဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အရာရှိအပါအဝင် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သံတောင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ရဲ့ စနိုက်ပါနဲ့ ပစ်ခတ်ခံရတာ၊ စောင့်ဆိုင်းပစ်ခတ်ခံရတဲ့အတွက် သေဆုံးသူတွေရှိ ခဲ့သလို ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ အဝေးကနေ ရှောင်နေပေးဖို့ သတိပေးထားပါတယ်။