မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အဝင် သံတံတားဂိတ်မှာ ၁၂ ဘီး ကုန်တင်ကားတစီး ဘရိတ်ပေါက် ဝင်တိုက်မိတာကြောင့် စစ်ကောင်စီတပ်သား တယောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဇူလိုင် ၇ ရက် ည ၈ နာရီလောက်မှာ ကျိုက်ထိုမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲကို မောင်းနှင်းလာတဲ့ ၁၂ ဘီး ကုန်တင်ကားက ဘရိတ်ပေါက်ပြီးနောက် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေ ရှိနေတဲ့ သံတံတားဂိတ်ကို ဝင်တိုက်မိခဲ့တာပါ။
ကားဘရိတ်ပေါက်ပြီး ဝင်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတယောက် ခါးနှစ်ပိုင်း ပြတ်ထွက်ပြီးနောက် ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဇူလိုင် ၈ ရက်နေ့မှာ သင်္ဂြိုဟ်လိုက်ပါတယ်။
စစ်ကောင်စီတပ်သားကို ဝင်တိုက်ခိုက်ခဲ့တဲ့ ၁၂ ဘီး ကုန်တင်ကား မောင်းသူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘယ်နေရာမှာ ဖမ်းဆီး ထိန်းသိမ်းထားလဲဆိုတာ မသိရသေးပါဘူး။
ကားဘရိတ်ပေါက်ပြီး ဝင်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားဟာ စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃ က ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။