ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်မှ ပြန်ပေးဆွဲခံခဲ့ရတဲ့ လူငယ်တယောက် ငွေ ကျပ် ၁၀ သိန်းအာမခံနဲ့ ဇွန် ၇ ရက် မနက်က ပြန်လည်လွတ်မြောက်လာတယ်လို့ ကာယကံရှင်ကိုယ်တိုင်က အတည်ပြုပြောပါတယ်။
ပြန်ပေးဆွဲခံခဲ့ရသူ အာဖာက “ကျနော့်ကို ဖမ်းခေါ်သွားတာ အားလုံး လူ ငါးဦးပါ။ မွတ်ဆလင် နှစ်ဦးကို သိပါတယ်။ ရခိုင် သုံးဦးကိုတော့ မသိပါဘူး။ သူတို့က ကျနော့်ကို ကြိုးနဲ့ချည်ပြီး မျက်နှာနဲ့ ခန္ဓာအနှံ့ကို လက်သီးနဲ့ထိုးပါတယ်။ ကျနော့်အစ်ကိုဆီကို ဖုန်းဆက်ပြီး ငွေ ဆယ်သိန်းပေးဖို့ အာမခံခိုင်းပြီးမှ မနက်အရုဏ်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
သူ့ကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားသူတွေအနက် ရွှေဇားဂူးနားကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ရောန်ဇန်အာလီ (ဘ) နုရ်ဆလင်နဲ့ ၄၈ နှစ်အရွယ် ဂျော်မီတို့ နှစ်ယောက်ကို မှတ်မိပြီး ကျန်သုံးယောက်ကိုတော့ မသိဘူးလို့ ကာယကံရှင်က ဆိုပါတယ်။
လက်ရှိ ရွှေဇားဂူးနားကျေးရွာမှ ရောန်ဇန်အာလီနဲ့ ဂျော်မီတို့ နှစ်ယောက်ကို ပြန်ပေးဆွဲမှု၊ ချုပ်နှောင်မှု ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၄၂ နဲ့ မောင်တောမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး တရားခံတွေကိုတော့ ဖမ်းမမိသေးပါဘူး။
ပြန်ပေးဆွဲခံရသူရဲ့ ဦးလေးဖြစ်သူက “ကျနော့်တူလေးက စကားတောင် ပီပီမပြောနိုင်ဘူး။ လူအလေးပါ။ အဲ့ဒါကိုသိလို့ အသုံးချခံရတာ။ ငွေပေးစရာရှိသူတွေက ရောန်ဇန်အာလီနဲ့ ဂျောမီဖြစ်တယ်။ သူတို့မပေးနိုင်တော့ ကျနော့်တူဆီက ရစရာရှိတယ်ဆိုပြီး စွပ်စွဲငွေတောင်းတာ။ ၁၀ သိန်း အာမခံထားပေမဲ့ အခုထိတော့ ငွေမပေးရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာ မူလွန်ကျောင်းမှ ပညာရေးဝန်ထမ်းနှစ်ယောက် ပြန်ပေးဆွဲခံခဲ့ရပြီး ပြန်ပေးသမားတွေ တောင်းဆိုတဲ့ မြန်မာငွေ သိန်း ၁,၀၄၀ ပေးဆောင်ပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လတုန်းကလည်း မောင်တောမြို့နယ် ပဒင်း(မွတ်ဆလင်)ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီကို အဒူလာကိန်း ဓားပြအဖွဲ့က ပြန်ပေးဆွဲပြီး ရက်ပေါင်း ၂၀ လောက် ဖမ်းဆီးထားပြီးနောက် ဘင်္ဂလားငွေ ၃ သိန်း အာမခံနဲ့ စက်တင်ဘာ ၃ ရက်က လွှတ်ပေးခဲ့ပါတယ်။
အလားတူ ၂၀၂၁ ခုနှစ် ဇွန်လကလည်း မောင်တောမြို့မှ ပရိဘောဂရောင်းဝယ်ရေးဆိုင်ရှင် သားအဖနှစ်ယောက် ပြန်ပေးဆွဲခံရပြီး ငွေကြေးများစွာပေးပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့ကြတာပါ။
မောင်တောမြို့နယ်အတွင်း ဓားပြတိုက်ခံရမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုတွေ စဥ်ဆက်မပြတ် ဖြစ်ပေါ်နေပေမဲ့ တရားခံတွေကို ဒီနေ့အထိ တဦးတယောက်မှ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။