ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ စစ်ကောင်စီတပ်အရာရှိတွေက ရန်ပုံငွေအကြောင်းပြပြီး KTV ကာရာအိုကေဆိုင်တွေကို မိုးအလင်းတဲ့အထိဖွင့်ဖို့အတွက် ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အရာရှိတွေ ရန်ပုံငွေအကြောင်းပြပြီး ဖွင့်ခွင့်ပေးထားတဲ့ ဆိုင်တွေထဲမှာ ကားကွင်းထဲက Music Zone နဲ့ ကားဂိတ်လမ်းမကြီးဘေးမှာ ဖွင့်ထားတဲ့ ဂလက်ဆီဆိုင်တွေဟာ မိုးအလင်းဖွင့်ပြီး ဆူညံနေတာလို့ ဆိုပါတယ်။
မြောင်းမြမြို့ခံတယောက်က “ဖွင့်ထားတာတော့ ဒီနှစ်စတည်းကထင်တယ်။ ဒါပေမဲ့ ပြည်သူတွေကို အသံနဲ့နှိပ်စက်တဲ့ပုံမျိုး ဖြစ်နေတယ်။ ကျနော်လည်း တပ်ထောက်ခံသူတဦးပါ။ ဒါပေမဲ့ ခုလိုမျိုး ပြည်သူတွေကို လုပ်နေတာမျိုးတော့ လက်မခံနိုင်လို့ပါ။ ဘယ်ကိုတိုင်ရမှန်းလည်း မသိဘူး။ တိုင်ရင်လည်း အရေးမယူဘူး” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ပုံငွေအဖြစ် ဖွင့်ခွင့်ပေးထားတဲ့ KTV ဆိုင်တွေဟာ မိုးအလင်းဖွင့်ပြီး ဆူညံနေလို့ ဒေသခံတွေက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဖြစ်တဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီကို တိုင်ကြားခဲ့ပေမဲ့ အရေးယူပေးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
ရန်ပုံငွေအတွက် ဖွင့်ခွင့်ပေးထားတဲ့ KTV ဆိုင်တွေဟာ လူနေရပ်ကွက်ထဲမှာ ဖြစ်တာကြောင့် ညလုံးပေါက် ဆူညံမှုတွေရှိနေလို့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အိပ်မပျော်တာတွေရှိပြီး ကြာရင် ကျန်းမာရေး ထိခိုက်လာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။