ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်ခင်မကြီးရဲ့ နေအိမ်ကို ဇူလိုင် ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ဒေါ်ခင်မကြီး နေထိုင်ခဲ့တဲ့ အရှေ့ရပ်ကွက်ရှိ နေအိမ်ကို လာရောက်ချိတ်ပိတ်သွားတာဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတယောက်က “မနက် ၁၀ နာရီလောက်က စစ်သားတွေ၊ ရဲတွေ ဒေါ်ခင်မကြီးနေအိမ်ကို ရောက်လာတယ်။ အဲ့အိမ်မှာက လူမနေတာကြာပြီ။ အင်အားအတော်တော့များတယ်။ အိမ်ထဲဝင်ပြီး ရှာဖွေတာတွေလုပ်တာတင် တနာရီလောက်ကြာတယ်။ နေ့လယ် ၁၁ နာရီလောက်မှာ အိမ်တံခါးပိတ်ပြီး ချိတ်ပိတ်သွားတာ” လို့ ပြောပါတယ်။
ဒေါ်ခင်မကြီးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ ပါဝင်နေသူတဦးဖြစ်တဲ့အတွက် စစ်ကောင်စီက အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ တရားစွဲဆိုထားပြီး နေအိမ်ကို ချိပ်ပိတ်ခဲ့တာပါ။
ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီကပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ရဲ့ နေအိမ်ကို ချိပ်ပိတ်ခဲ့သလို ဇွန်လပိုင်းကလည်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းရဲ့နေအိမ်ကို ချိပ်ပိတ်ပြီး ဖျက်ဆီးခဲ့ပါတယ်။