မြဝတီ-ဝေါ်လေ ကားလမ်းပေါ်မှာ ဇူလိုင် ၇ ရက် စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတယောက်၊ ဆေးမှူးတယောက်အပါ အဝင် အလောင်း ၅ လောင်းကိုတွေ့ရှိရပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကော်ဘရာစစ်ကြောင်းရဲ့ တိုက်ပွဲသတင်း ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခမရ(၂၀၇)၊ ခလရ(၈)၊ ခမရ(၂၀၄)၊ ခမရ(၉) ၊ ခမရ(၁၀၂) နဲ့ လက်ရုံးတပ်ဖွဲ့တွေ၊ ဗိုလ်မုတ်သုန် ဦးစီးတဲ့ BGF အင်အား ၁၀၀ လောက် ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဖလူးလေး၊ ဖလူးကြီးဒေသမှာ စုဖွဲ့ကာ မြဝတီ-ဝေါ်လေကားလမ်းတလျှောက် ဒေသတွေကို ကျူးကျော်ဖို့ ကြိုးစားလာခဲ့တယ်လို့ ဆိုပါ တယ်။
ဒါကြောင့် ခမရ(၂၀၇) ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မြဝတီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့ (ဒေသအခေါ်) နေရာဆီ ရောက်ရှိလာချိန်မှာ လုံခြုံရေး ရယူထားတဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံး စာရင်းကို အတည်ပြုနိုင်ဖို့ စီစစ်ဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားပြီး MA -1 တစ်လက်၊ ကျည် (၅.၅၆) ကျည် (၄၇၅) တောင့်၊ ကျည်ဘောက်(၄) ခု၊ အီနာဂါဗုံးသီး တစ်လုံးနဲ့ တခြားဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်း ရမိထားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်းမှာတော့ ကော်ဘရာစစ်ကြောင်းဘက်က စစ်သည်တော်တွေ ကျဆုံး၊ ထိခိုက်၊ဒဏ်ရာ ရရှိတာ တယောက်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီရဲ့ မှော်ဘီလေတပ်မှ တိုက်လေယာဉ်တစ်စင်းဟာ ဒီကနေ့မနက် ၄ နာရီခွဲလောက်က လေ့ကေ့ကော်ဒေသက ကော်ဘရာစစ်ကြောင်း လုံခြုံရေး ရယူထားတဲ့ တောင်ကုန်းတစ်ခုပေါ် လေကြောင်းတိုက်ခိုက်ခဲ့ပေမဲ့ ကော်ဘရာ စစ်သည်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာမရှိဘူးလို့ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။