မကွေးတိုင်း၊ မြိုင်မြို့နယ်ကို ဇူလိုင် ၇ ရက်မှာ ဆက်သွယ်ရေးအင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းလောက်နဲ့ ထိုးစစ်ဆင်နေတယ်လို့ မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF က ပြောပါတယ်။
ဆူးဝင်းရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းတကြောင်း၊ သံဘိုရွာဘက်မှာ တကြောင်းနဲ့ မွေ့တုန်ဘက်မှာ စစ်ကြောင်းတကြောင်းနဲ့ ထိုးစစ်ဆင်နေတာလို့ MVRF ခေါင်းဆောင် ဦးအောင်ဇေယျက ပြောပါတယ်။
“စစ်ကြောင်းထိုးတာနဲ့ ဖုန်းလိုင်းတွေ ပြတ်တော့တာပဲ။ ဘယ်ကိုမှလည်း ခေါ်လို့မရတော့ဘူး။ လိုင်းမိမယ်ထင်တဲ့ နေရာတွေကို ခက်ခက်ခဲခဲ သွားရောက်ပြီး ဆက်သွယ်ကြရသလို ဆက်သွယ်ရေး စကားပြောစက်တွေကိုပဲ အဓိက အသုံးပြုနေရတယ်။”
ဇူလိုင် ၇ ရက်ကလည်း ဆူးဝင်းရွာဘက်ကလာတဲ့ စစ်ကြောင်းကို မြိုင်မြို့နယ် ပ.က.ဖ ဦးဆောင်တဲ့ အဖွဲ့တွေက လက်နက်ကြီးနဲ့ အချက် ၅၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာလည်း မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦးက ရဲဘော်တွေ ပူးပေါင်း တိုက်ခိုက်နေသလို ဆူးဝင်းဘက်ကို ဖိနေတဲ့အချိန် ပျူစောထီးအင်အားကောင်းတဲ့ ဝတ်ပုတ်ကျေးရွာကို ဇူလိုင် ၇ ရက်မှာ ရော့ကက်နဲ့ ၁၆ လုံးလောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးနိုင်တယ်လို့ ဦးအောင်ဇေယျက ပြောပါတယ်။
“သံဘိုဘက်က စစ်(...)စစ်ကြောင်းက ဆူးဝင်းဘက်ကို ပူးပေါင်းသွားတယ်လို့ သိရပြီး နောက်ဆုံးအခြေနေကိုတော့ မသိရသေးဘူး။ စစ်ကြောင်းတကြောင်းကိုတော့ အင်အား ၁၀၀ ကျော်လောက်ပါတယ်။”
မွေ့တုန်ရွာ၊ သံဘိုရွာမြောက်ဘက်နဲ့ မန်ကျီးကုန်းရွာဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဦးအောင်ဇေယျက “အခုစစ်ကြောင်းကတော့ စုံစမ်းသိရသလောက် ရွာတွေကို မီးရှို့တာတော့ မရှိသေးဘူး။ ဖမ်းသွားတဲ့ ပြည်သူတွေကိုလည်း ပြန်လွှတ်ပေးတယ်။ အတတ်နိုင်ဆုံး ရွာတွေကို ရှောင်ကွင်းသွားကြတယ်” လို့ ပြောပါတယ်။
မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီရဲ့ ဦးဆောင်သူတယောက်က “စစ်(...)စစ်ကြောင်း ထိုးနေပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသလို ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားကြတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ် ဗွီဒီယိုဖိုင်တွေကိုလည်း 2G အင်တာနက်ရရှိဖို့ လိုင်းမိတဲ့နေရာရှာပြီး သစ်ပင်ပေါ်ကိုတက်ပြီး သတင်းဌာနတွေကို ပေးပို့နေရတယ်” လို့ ပြောပါတယ်။
မြိုင်မြို့နယ် ဆူးဝင်းရွာနားမှာ ဇူလိုင် ၅ ရက်ကလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တနေကုန် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့သလို ပ.က.ဖ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။