ပဲခူးတိုင်း၊ ဖြူးမြို့အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၁ ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဇူလိုင် ၈ ရက် ဒီနေ့မနက်က လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။
ဒီနေ့မနက် မြန်မာစံတော်ချိန် ၃ နာရီ၊ ၃၁ မိနစ်၊ ၁၃ စက္ကန့် အချိန်က တောင်ငူမြေငလျင်စခန်းမှ တောင်ဘက် ၄၈ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ဖြူးမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၈ မိုင်အကွာ မြောက်လတ္တီတွဒ် ၁၈ ဒသမ ၂၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၅၂ ဒီဂရီ၊ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။
အလားတူ ဇူလိုင် ၈ ရက် မြန်မာစံတော်ချိန် မနက်အစောပိုင်း ၀၁ နာရီ၊ ၅၂ မိနစ်၊ ၁၈ စက္ကန့် အချိန်ကလည်း မန္တလေးတိုင်း ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၀ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ညောင်ဦးမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၉ မိုင်လောက်အကွာ အနက် ၁၀၄ ကီလိုမီတာ ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိတယ်လို့ဆိုပါတယ်။
ဇူလိုင် ၇ ရက် ညနေ ၅ နာရီ ၂၃ မိနစ်၊ ၁၂ စက္ကန့် အချိန်ကလည်း ရခိုင်ပြည်နယ် ဂွမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်ကွာဝေးတဲ့ မြန်မာပြည်တွင်း ဂွမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၉ မိုင် အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချတာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
အခုရက်ပိုင်းအတွင်း မြန်မာပြည်တွင်း ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်ထဲမှာလည်း မြေငလျင်တွေ ဆက်တိုက်လှုပ်ခတ်နေတာဖြစ်ပြီး ငလျင်ကြောင့် အထိအခိုက် အပျက်အစီးသတင်းတွေကတော့ မရရှိသေးပါဘူး။