စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်အဆောက်အဦတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက တမင်တကာ လိုက်လံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့အဖွဲ့ဟာ တောင်ဖြူကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့တို့ ပူးပေါင်းကာ အကြောင်းတစုံတရာမရှိဘဲ တမင်သက်သက် လုပ်ဆောင်ကြတာလို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၆ ရက် နေ့လယ် ၂ နာရီလောက်မှာ ယားကျေးရွာမှ နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ဇူလိုင် ၄ ရက်ကလည်း လက်ချိတ်ကျေးရွာအုပ်စု ပေါက်တောကျေးရွာက နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ မင်းကင်းမြို့နယ် ဒေသခံတွေက ပြောပါတယ်။
မင်းကင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တာ ကျေးရွာပေါင်း ၂၉ ရွာ ရှိပြီဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အဦပေါင်း ၁,၁၄၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီးဖြစ်တယ်လို့ မင်းကင်းမြို့နယ်ပအဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ မီးဘေးသင့်ပြည်သူတွေအတွက် မိုးကာ၊ ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေပြီး အခက်အခဲတွေရှိတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။