ရှမ်းပြည်နယ်၊ လင်းခေးမြို့အနီး အင်အား ရစ်ချ်တာ စကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု ဇူလိုင် ၇ ရက် က လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။
ဒီနေ့မနက် ၆ နာရီ၊ ၅၃ မိနစ်၊ ၄၈ စက္ကန့် အချိန်က နမ့်စန်မြေငလျင်စခန်းမှ တောင်ဘက် ၃၈ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း လင်းခေးမြို့ရဲ့ အနောက်ဘက် ၁၂ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၈၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်သွားတာဖြစ်ပါတယ်။
အလားတူ ရှမ်းပြည်နယ်၊ နမ့်စန်မြို့အနီး မြောက်ဘက် ၅ မိုင်ခန့်အကွာမှာလည်း ဇူလိုင် ၆ ရက် ညနေ ၄ နာရီ ကျော်လောက်က အင်အားရစ်ချ်တာ စကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခုလှုပ်ခတ်ခဲ့ပါတယ်။
ဇူလိုင် ၆ ရက် မနေ့ နေ့လယ် ၂ နာရီခွဲလောက်ကလည်း မြန်မာနိုင်ငံပြည်ပ အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစုကိုဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။
ဇူလိုင် ၅ ရက်ညကလည်း မကွေးတိုင်း၊ သရက်မြို့အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၃ ဒသမ ၅ အဆင့်ရှိ မြေလျင်လှုပ်ခဲ့သလို မနက်ပိုင်းမှာ ရန်ကုန်တိုင်း လှိုင်မြို့နယ် ကိုဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တခုလှုပ်ခတ်သွားပါတယ်။
အဆိုပါ မြေငလျင်တွေကြောင့် လူတွေထိခိုက်တာနဲ့ အဆောက်အဦတွေ ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။