စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင် ဦးသိန်းမြင့်လွင်ဟာ ဇူလိုင် ၄ ရက်ညက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးသိန်းလွင်မြင့်ဟာ နေအိမ်မှာရှိနေစဉ် အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးက “ည ၈ နာရီလောက်က အိမ်ထဲမှာထိုင်နေတုန်း သေနတ်နဲ့ ဝင်ပစ်သွားတာ။ အားလုံးပေါင်း ၅ ချက်လောက်ရှိမယ်။ ကျနော်တို့ သေနတ်သံကြားလို့ ပြေးကြည့်တော့ သိန်းလွင်မြင့်က သေနေပြီ၊ ဘယ်သူဝင်ပစ်သွားတာလဲတော့ မသိရဘူး” လို့ ပြောပါတယ်။
ဦးသိန်းလွင်မြင့်ဟာ နန္ဒဝန်ရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့်ထားပြီး အမည်မသိ သေနတ်သမားက အိမ်အတွင်းဝင်ရောက်ကာ သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်ပြီး ဘာကြောင့် ခုလိုပစ်သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။
ဦးသိန်းလွင်မြင့်ဟာ အရင်က ကြံ့ခိုင်ရေးပါတီ မြို့နယ်အလုပ်အမှုဆောင်တယောက်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ သူရဦးရွှေမန်းခေါင်းဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ပြောင်းကာ မုံရွာ အမှတ် ၂ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် အခင်းဖြစ်ပွားရာအနီးမှာ စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။