မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာ ဒေသခံတယောက်ကို စစ်ကောင်စီတပ်က ဇူလိုင် ၅ ရက်နေ့မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်သွားကြတယ်လို့ နှမ်းခါးလူငယ်အဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာက အသက် ၂၀ ကျော်အရွယ် ကိုမုန်းဖေ (ခ) ချစ်ဖေကို စစ်ကောင်စီစစ်ကြောင်းက သေနတ်နဲ့ ပစ်သတ်သွားကြတယ်လို့ နှမ်းခါးလူငယ်အဖွဲ့ ခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်ဘေးရှောင်ပြည်သူတွေကို ဖမ်းဆီးတာတွေရှိပေမယ့် ပြန်လွတ်လာတယ်ဗျ။ ရေရှင်ရွာကိုတော့ ခုမှစစ်ကြောင်းဝင်ပြီး ကင်းတဲတွေ မီးရှို့ခံခဲ့ရတယ်။ နှမ်းခါးရွာကိုတော့ အိမ်ခြေ ၆၃ လုံးလောက်ကို စစ်(...)တွေ စစ်ကြောင်း ၃ ကြိမ်ထိုးပြီးမီးရှို့ဖျက်ဆီးခဲ့ကြတယ်။”
ဇူလိုင် ၁ ရက်နေ့က ကလေးမြို့နယ်ဘက်ကနေ အင်အား ၁၂၀ လောက်နဲ့လာတဲ့ အဲဒီစစ်ကြောင်းဟာ စမ်းမြို့ရွာမှာတညအိပ်ပြီး ၂ ရက်နေ့မှာ ပြင်သားရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။
“ဇူလိုင် ၃ ရက်နေ့မှာ နှမ်းခါးရွာကိုဝင်ရောက်ပြီး ၄ ရက်နေ့မှာ ရေရှင်ရွာဘက်ကို ဝင်လာလို့ အိမ်ခြေ ၂၅၀ လောက်ရှိတဲ့ ကျနော်တို့ ရွာသားတွေ အားလုံး အသက်လုပြီးဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်။ ကျနော်တို့ရွာမှာ တညအိပ်ပြီး အမျိုးသားတယောက်ကို သေနတ်နဲ့ ပစ်သတ်သွားသလို ပြည်သူတွေ မွေးမြူထားတဲ့ ဝက် ၃ ကောင်ကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်” လို့ ရေရှင်ရွာသားတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ရေရှင်ကျေးရွာ အိမ်ခြေ ၂၅၀ လောက်က ပြည်သူ ၁၀၀၀ ကျော်နဲ့ နှမ်းခါးကျေးရွာက ပြည်သူ ၄၂၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ အမိုးအကာတွေ အရေးပေါ် အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ်ဇူလိုင် ၅ ရက်နေ့အထိ မြန်မာ့ဒီမိုကရေစီအရေးနဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးပြည်သူ ၂၀၆၅ ယောက်နဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၄၂၀ ယောက်ရှိပြီး အဲဒီထဲက ၁၂၁၄ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။