စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ NUG အစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ အခြေခံမီးသတ်သင်တန်းကို ဇူလိုင် ၄ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး နောက်ထပ် အပတ်စဉ်သင်တန်းတွေ ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
"(စ..)တွေက ရွာတွေကို မီးရှို့တယ်၊ ငြိမ်းမယ့်သူမရှိတော့ တရွာလုံးပြာကျတယ်၊ မဆုံးရှုံးသင့်တာ မဆုံးရှုံးရအောင် ဒီသင်တန်းကိုတက်တာပါ” လို့ မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးကာ ရွှေငွေလက်ဝတ်ရတနာများနဲ့ တန်းဖိုးရှိပစ္စည်းတွေကို လုယက်ယူဆောင်ပြီး နေအိမ်တွေကို မီးရှို့သွားကြတယ်လို့ စစ်ဘေးသင့် ကျေးရွာဒေသခံတွေက ပြောပါတယ်။
“စစ်ဘေးရှောင်နေတုန်း အိမ်ကိုဖျက်ဆီးပြီး အထဲက တန်ဖိုးရှိပစ္စည်းတွေကို ယူသွားကြတယ်၊ ယူပြီးရင် အိမ်ကို မီးရှို့ထားခဲ့ကြတယ်။ အခုနေစရာမရှိ၊ စားစရာလည်း မရှိတော့ဘူး” လို့ နေအိမ်မီးရှို့ခဲ့ရတဲ့ စစ်ဘေးရှောင် ဒေသခံတဦးက ပြောပါတယ်။
ရေဦးမြို့နယ်နဲ့ မြိုင်မြို့နယ်တွေမှာလည်း မီးဘေးနဲ့ ပြည်သူတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ NUG အစိုးရလမ်းညွှန်ချက်နဲ့အညီ မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းပြီး အရေးပေါ်မီးငြှိမ်းသတ်နည်း သင်တန်းများ ပေးနေတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။