ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်ဖို့ ကေအန်ယူက ဇူလိုင် ၄ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
ကရင်အမျိုးသားအစည်အရုံး(ကေအန်ယူ)၊ တပ်မဟာ ၃၊ ရွှေကျင်(ဆောထိ)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က စီမံအုပ်ချုပ်မှာဖြစ်လို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာလူကြီးအားလုံး နုတ်ထွက်ဖို့ သတိပေးခဲ့တာပါ။
ကေအန်ယူ ဆောထိမြို့နယ်စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း ကေအန်ယူဗဟို၊ ခရိုင်ကချမှတ်ထားတဲ့ မူဝါဒ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြည်သူလူထုစားဝတ်နေရေး၊ လူမှုရေး၊ လူမှုဘဝလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထုအနေနဲ့ အချက် ၇ ချက်ကို လိုက်နာဆောင်ရွက်ဖို့ ညွန်ကြားလိုက်ပါတယ်။
ကေအန်ယူ ဆောထိမြို့နယ်စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း မည်သည့်ကိစ္စမဆို ဆောင်ရွက်လိုပါက သက်ဆိုင်ရာမြို့နယ်ရဲ့ ခွင့်ပြုချက်ကိုရယူရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာရမှာဖြစ်ပါတယ်။
ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်လုပ်ကိုင်လိုပါက တရားဝင်တင်ပြပြီး ခွင့်ပြုချက်ရယူလုပ်ကိုင်ဖို့၊ ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့ပိုင်ဆိုင်မှုမှန်သမျှကို တရားဝင်စာရင်းသွင်းမှတ်ပုံတင်ဖို့၊ မြေယာ၊ သစ်တော၊ ရေလုပ်ငန်းနဲ့ သဘာဝသယံဇာတတွေကို လုပ်ငန်းဖို့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဝင်ရောက်လုပ်ကိုင်ဖို့ ဆိုပါတယ်။
ဒါအပြင် မူးယစ်ဆေးဝါးနဲ့လောင်းကစားတွေ လုံးဝမပြုလုပ်ဖို့နဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ပျံ့နှံမှုထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနရဲ့ လမ်းညွန့်မှုအတိုင်း ပြည်လူထုတရပ်လုံး တိကျစွာလိုက်နာဖို့နဲ့ ဖောက်ဖျက်ကျူးလွန်သူကို ကေအန်ယူက ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။