စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် သဖန်းချောင်းရေနံမှော်မှာ နေ့စဥ်ရေနံပေပါ ၅,၀၀၀ ဝန်းကျင်ထွက်ရှိနေတာကြောင့် ဒေသခံပြည်သူတွေ အလုပ်ကိုင်အခွင့်လမ်းကောင်းပြီး အဆင်ပြေနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ ရေနံတွင်းပေါင်း ၁၀ ကျင်းလောက်ထိရှိနေပြီး ပေပါပေါင်း ၁,၈၀၀ လောက်ထိ တူးဖော်လုပ်ကိုင်တာကြောင့် ရေနံတွင်းအားလုံး လျှံထွက်တဲ့အထိ ရေနံထွက်ရှိနေပြီး တရက်ကို ရေနံတကျင်းထွက်ရှိမှုဟာ ပေပါ ၅၀၀ လောက်အထိ ရရှိကြတယ်လို့ ဆိုပါတယ်။
ဒေသခံတွေဟာ ထွက်ရှိလာတဲ့ ရေနံတွေကို နောင်ကောက်ကျေးရွာအနီးမှာရှိတဲ့ ရေနံချက်ဖိုတွေဆီကို ဆိုင်ကယ်၊ ထွန်စက်တွေနဲ့ ပို့ဆောင်ကြပြီး ဆိုင်ကယ်စီးရေ ၁,၀၀၀ ဝန်းကျင်နဲ့ ထွန်စက်စီးရေ ၁၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိရေနံပေါက်စျေးဟာ ရေနံတွင်းအနီးမှာ တပေပါကို ၂၈၀,၀၀၀ ကျပ်စျေးပေးဝယ်ရပြီး ရေနံချက်ဖိုတွေဆီကို ၃၅၀,၀၀၀ ကျပ်စျေးနဲ့ ပြန်လည်ရောင်းချကြတယ်လို့ ပြောပါတယ်။
ရေနံထွက်ရှိတဲ့နေရာဟာ သဖန်းဆိပ်ရေလှောင်တမံအနောက်ဘက် မိုင် ၂၀ ခန့်အကွာ နောင်ကောက်အုပ်စု ဇီးဖြူတောင်တန်းပေါ်မှာတည်ရှိတဲ့ သဖန်းချောင်းရေနံမှော်ဖြစ်ကာ အဲဒီနေရာဟာ ယခင်တုန်းက ဟွန်ဒါ မြန်မာ ကုမ္ပဏီက ရေနံတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
ကုမ္ပဏီထွက်ခွာသွားပြီးနောက်ပိုင်း အဲဒီကုမ္ပဏီလုပ်ကိုင်ခဲ့တဲ့ ကျင်းဟောင်းနေရာများကို ဒေသခံပြည်သူတွေက တပိုင်တနိုင်လက်ယက်ကျင်းတွေ တူးဖော်လုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။