မွန်ြပည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းကို ည ၉ နာရီခွဲကနေ မနက် ၄ နာရီအထိ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် မပြုကြဖို့ တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ဇူလိုင် ၁ ရက်မှာ လူမှုကွန်ရက်ကတဆင့် သတိပေးလိုက်ပါတယ်။
လိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာခဲ့ပါက နောက်ဆက်တွဲဆိုးကျိုးတွေကို လုံးဝတာဝန်ယူသွားမှာ မဟုတ်ဘူးလို့ ပြည်သူတွေကို အသိပေးထားပါတယ်။
ဒေသခံတဦးက “အခုလို စစ်ကောင်စီ တပ်ကလည်း လုံခြုံရေးတွေ နေရာတိုင်းမှာ ချထားပြီး အစစ်ဆေးများပြန်၊ ညဘက်တွေဆို သာမန် ခရီးအသွားအလာ မလုပ်တာကောင်းပါတယ်။ အရေးကြီး ကျန်းမာရေးကိစ္စက လွဲပြီး မသွားတာကောင်းပါတယ်။ လက်နက်ကိုင်တွေရဲ့ အချိန်မရွေး ပစ်ခတ်တာတွေ ဖြစ်လာနိုင်တာကြောင့် အန္တရာယ်ရှိတယ်” လို့ ပြောပါတယ်။
ရေး-သံဖြူဇရပ် ကားလမ်းပိုင်း နေရာတွေမှာ စစ်ကောင်စီယာဉ်ကားတွေကို PDF တွေက မကြာခဏ ချုံခို ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်လေ့ရှိတာကြောင့် ခရီးသွားတွေကို မတော်တဆ ထိခိုက်သေဆုံးတာတွေ မဖြစ်စေချင်ဘူးလို့ ဒေသဆိုင်ရာ PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“အရေးပေါ်လူနာတင်ယာဉ်တွေကို စစ်ကောင်စီဘက်က ညဘက်သွားလာခွင့်ပြုထားပေမဲ့ PDF တွေရဲ့ ထုတ်ပြန်ထားတဲ့အထဲမှာ လူနာတင်ယာဉ်ပါ မပေးဖြတ်ပါက အရေးကြီးလူနာတွေအတွက် အခက်ခဲရှိကြတယ်” လို့ လူနာတင်ယာဉ်မောင်းတဦးက ပြောပါတယ်။
ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီတပ်ကားတွေ မကြာခဏ ချုံခိုတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်က အကျအဆုံး များပြားနေတာပါ။
အဆိုပါ ရေး-သံဖြူဇရပ်ကားလမ်းမမှာ ပြီးခဲ့တဲ့လတွေက ဒေသဆိုင်ရာ PDF နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွာခဲ့ပြီး အရပ်သား ၂ ယောက် သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။