Home
မြန်မာသတင်း
ဂန့်ဂေါ တောင်ခင်ရန်းရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
July 1, 2022
290564040_557639816004692_7494584355346884359_n

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲစခန်းမှာ တပ်စွဲ‌နေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၂၉ ရက်က ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့တပ်ဖွဲ့ဘက်က သူတို့တပ်စွဲနေတဲ့စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်ခဲ့တာကြောင့် ရှေ့ဆက်မတိုးနိုင်ခဲ့ဘူး။ သူတို့ဘက် ထိခိုက်‌ကျဆုံးမှုတော့ ရှိနိုင်တယ်။ ဒါပေမဲ့ အတည်ပြုလို့တော့ မရခဲ့ဘူး။ ကျနော်တို့ဘက်တော့ ရဲဘော်တဦး ပေါင်မှာ ကျည်ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့တယ်၊ ကျဆုံးမှုတော့မရှိဘူး။”

ဂန့်ဂေါ PDF က ထိခိုက်ကျဆုံးတဲ့ အရေအတွက်ကို အတည်မပြုနိုင်ခဲ့ပေမဲ့ တောင်ခင်ရန်းကျေးရွာက ဒေသခံတွေရဲ့‌ ပြောပြချက်အရ စစ်ကောင်စီတပ်သား ၈ ယောက် ကျဆုံးသွားပြီး ရဲစခန်းအတွင်းမှာ အဆောက်အဦ အနည်းငယ် ပျက်စီးသွားတယ်လို့ ရဲစခန်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဧပြီ ၂၃ ရက်‌ကလည်း အဆိုပါ တောင်ခင်ရန်းရဲစခန်းမှ ရဲစခန်းမှူး ဝေဖြိုးကို ဇနီးနဲ့အတူ ဈေးဝယ်လာစဉ် ပစ်သတ်ခံခဲ့ရပါသေးတယ်။

ပြည်သူတွေအနေနဲ့ စစ်‌ကောင်စီလက်အောက်ခံ ရဲစခန်းတွေနဲ့ တခြား စစ်ရေးပစ်မှတ်တွေအနီးမှာ လတ်တလော မနေထိုင်ကြဖို့နဲ့ အကြောင်းမဲ့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ ဂန့်ဂေါ PDF က အထူးမေတ္တာရပ်ခံထားပါတယ်။

ဆက်လက်ပြီး ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြည်သူလူထုအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။

ခရီးသွားယာဉ်မောင်းတွေနဲ့ ပြည်သူတွေအနေနဲ့ ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ဂန့်ဂေါ-က‌လေးလမ်းပိုင်းကို အသုံးမပြုဖို့လည်း ဂန့်ဂေါ PDF က သတိပေး ထုတ်ပြန်ထားပါတယ်။

ခရီးသွားလာလို့ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲပြသနာတွေကို မိမိတို့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ တာဝန်ယူ ဖြေရှင်းသွားမှာမဟုတ်ကြောင်း ဂန့်‌ဂေါ PDF က အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024