ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့နယ် လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး တပ်ရေးဗိုလ်ကြီး ၁ ဦးပါအဝင် ၄ ဦး သေဆုံးသွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၃၀ ရက်နေ့မနက်ပိုင်းက လောပိတ အမှတ် ၂ သင်္ဘောပင်စခန်းနဲ့ ဓာတ်ဦးပွင့် ဘုန်းကြီးကျောင်းကြား လမ်းမပေါ်မှာ တပ်ရိက္ခာသယ်ပို့တဲ့ ကားတစီးကို KNDF တပ်ရင်း ၁၀ က ကင်းလှည့်လှုပ်ရှားစဉ် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဒီထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ယာဉ်ပေါ်ပါလာတဲ့ တပ်ရေးဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနဲ့ တပ်သား ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးသွားပြီး သူတို့ရဲ့ လက်နက်နဲ့ကျည်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ဆိုပါတယ်။
တိုက်ပွဲအပြီး လောပိတအခြေစိုက် အမှတ် ၇၂ တပ်ရင်းက တိုက်ပွဲဖြစ်ပွားရာအနီး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် လေးအိမ်စုရွာက နေအိမ်တလုံး ထိ ခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မနေ့ညကလည်း လွိုင်ကော်နဲ့ အနီးနားမှာ လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားနေရကြောင်း ဒေသံတွေက ပြောပေမယ့် ဘယ်အဖွဲ့ကမှ သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။