မြန်မာပြည်တောင်ပိုင်း မြို့ပြဒေသတွေမှာ အကြမ်းဖက်စစ်အာဏာရှင်ကို ခုခံတော်လှန် စစ်ဆင်နွှဲနေကြတဲ့ စစ်ဆင်ရေးတွေအတွက် နန်းထိုက်အောင်ပရောဂျက်ကနေ ပြည်သူတွေအနေနဲ့ ရန်ပုံငွေပါဝင်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီပရောဂျက်ကိုတော့ ဇူလိုင် ၁ ရက် ဒီကနေ့က စတင်ပြီး ၁၀ ရက်ကြာပြုလုပ်သွားမှာဖြစ်ကာ အမေရိကန်၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ ဩစတေးလျ၊ ဘရူနိုင်း၊ ဖင်လန်၊ မလေးရှား၊ မြန်မာ၊ ထိုင်ဝမ်၊ ယူကေ နိုင်ငံတွေအပြင် PayPal အကောင့်ကတဆင့်လည်း ဆက်သွယ်ပါဝင်လှူဒါန်းနိုင်မှာဖြစ်သလို အဆိုပါ နိုင်ငံစာရင်းမှာ မပါဝင်တဲ့ နိုင်ငံတွေက အလှူရှင်တွေအနေနဲ့ ပန်ဆယ်လိုရဲ့ Facebook Messenger ကတဆင့် ဆက်သွယ် လှူဒါန်းနိုင်မယ်လို့ ဆိုပါတယ်။
“မြို့ပြပြောက်ကျားတွေဟာ ဖမ်းဆုပ်ဖို့ မြင်နိုင်ဖို့ ခက်ခဲပါတယ်။ ကူညီဖို့လည်း လုံခြုံရေးအရ ခက်ခဲပါတယ်။ မြို့ပြပြောက်ကျားတွေအနေနဲ့လည်း အကူအညီတောင်းခံဖို့ ရယူဖို့ ခက်ခဲပါတယ်။ မြို့ပြပြောက်ကျားတွေကို ထိထိရောက်ရောက်ကူညီနိုင်မယ့် Project NAN HTIKE AUNG မှာ ပါဝင်ပေးကြပါဦး။ ၁၀ ရက်တာ ပြုလုပ်မယ့် Project ဖြစ်ပြီး စစ်ရေးအရှိန်မြှင့်တင်ဖို့ ရည်ရွယ်ထားတာကြောင့် ကြီးမားတဲ့ပမာဏတစ်ခု မျှော်လင့်ထားပါတယ်။ လူကြမ်းတွေကြောင့် လူကောင်းတွေလည်း ဒုက္ခများရတာ ကြာပါပြီ။ လူကြမ်းတွေလဲရင် ကြိုက်လားဆိုတဲ့ Project NAN HTIKE AUNG ကတော့ စတင်လိုက်ပါပြီ။”
နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးကတော့ ရန်သူစစ်ကောင်စီကို ပြောက်ကျားစစ် မဟာဗျူဟာနဲ့ အမှည့်ခြွေ တိုက်ခိုက်ချေမှုန်းပြီး ပြည်သူ့တော်လှန်ရေးအောင်ပွဲ ဆောင်ယူပေးမယ့် သင်္ကေတဖြစ်ကာ ဒီစစ်ဆင်ရေးအောက် ရန်သူအကြမ်းဖက်စစ်ကောင်စီ လက်မြှောက်ဒူးထောက် အရှုံးပေးရစေဖို့အတွက် ပါဝင်အားဖြည့်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထု သပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
လတ်တလောကာလမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ တနေ့တခြား အင်အားနည်းပါးလာပြီ ဖြစ်တာမို့ အခု ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ ကြီးမားတဲ့ အချိုးအကွေ့ အောင်မြင်မှုတခုကို မလွဲမသွေ ရောက်ရှိလာတော့မယ်လို့လည်း (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောထားပါတယ်။