ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံအခြေစိုက် Ywangan People's Defense Force ဖျက်သိမ်းကြောင်း ဇွန် ၃၀ ရက်က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ပြန်ကြေညာပါတယ်။
“ယနေ့ ဇွန်လ ၃၀ ရက်နေ့မှစ၍ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာအပ်သည်။ အခက်အခဲ အမျိုးမျိုးကြောင့် မိမိတို့ YPDF များအနေဖြင့် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့သည့်အတွက်ကြောင့် အခုလို ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။ စိတ်မကောင်းကြီးစွာဖြင့်........... YPDF” လို့ ထုတ်ပြန်ထားပါတယ်။
အဖွဲ့ဆက်လက်ရပ်တည်ဖို့ နေစရာ၊ စားစရာ စတဲ့ အခက်အခဲတွေကြောင့် ဖျက်သိမ်းခဲ့ရတာလို့ YPDF တာဝန်ခံတဦးက ပြောပါတယ်။
“အဓိက အခက်အခဲကတော့ အဖွဲ့ဆက်လက်ရပ်တည်ဖို့ နေစရာ၊ စားစရာ အစစအရာရာပေါ့၊ ခက်ခဲတာပါပဲ။ နေစရာ စားစရာ မရှိမှတော့ ကျန်တဲ့ကိစ္စ ဘယ်လိုမှ ဆက်လှုပ်ရှားလို့ မရတော့ဘူး။ ကိစ္စက အဲ့မှာတင်ပျက်ပြီ။”
ပြီးခဲ့တဲ့ ဇွန် ၉ ရက်က အခက်အခဲအမျိုးမျိုးကြောင့် လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိတော့တဲ့အတွက် YPDF အနေနဲ့ ရွာငံဒေသကို စွန့်ခွာပြီဖြစ်ကြောင်းနဲ့ စုဖွဲ့မှုအသစ်နဲ့ ပြန်လာမှာဖြစ်ကြောင်း ကြေညာပြီး ၃ ပတ်ခန့်အကြာမှာ တရားဝင်ဖျက်သိမ်းကြောင်း ကြေညာခဲ့တာပါ။
YPDF အဖွဲ့ကို ဖျက်သိမ်းလိုက်ပေမဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးမှာ ပုံစံအမျိုးမျိုးနဲ့ ဆက်လက်ပါဝင်နေမှာလို့ YPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
YPDF ဟာ စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်ကစလို့ ၆ လတာကာလအတွင်း ဒေသတွင်း မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှုပေါင်း ၂၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း YPDF ရဲ့ တာဝန်ခံဆီက သိရပါတယ်။