ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီက ပစ်သတ်ထားတဲ့ ပျောက်ဆုံး အင်းနက်ရွာသားတယောက်ရဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ပြီး ရွာသားတွေက ရုပ်အလောင်းကို ရွှေ့ပြောင်းစဉ် ရုပ်အလောင်းအောက်မှာ မိုင်း ၃ လုံး ထောင်ထားတာ တွေ့ရှိရတယ်လို့ ဒီနေ့ ဇွန် ၃၀ ရက်မှာ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ အသတ်ခံရသူမှာ အသက် ၄၀ အရွယ် အင်းနက်ရွာသား စောမူသား ဆိုသူဖြစ်ပြီး ရုပ်အလောင်းကို ဇွန် ၂၉ ရက်က အင်းနက်ရွာဘုန်းကြီးကျောင်းအရှေ့ဘက် ငှက်ပျောရုံအနီးမှာ ရွာသားတွေက ပြန်လည်ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
တာဝန်ရှိသူတယောက်က “အလောင်းက ပေါ်နေတယ်။ မြှုပ်ထားတာက မှောက်ခုံဖြစ်နေတယ်။ ရွာသားတွေက ကောင်းကောင်းမွန်မွန် ပြန်သင်္ဂြိုဟ်ရအောင် အလောင်းဖော်ဖို့ မြေကြီးစတူးတော့ မိုင်းကိုတွေ့တာ” လို့ ပြောပါတယ်။
ရုပ်အလောင်းအောက်မှာ မိုင်းတွေ့လို့ ကောင်းမွန်စွာ ပြန်လည်သင်္ဂြိုဟ်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ ငဗျက်အင်းရွာနဲ့ အင်းနက်ရွာအကြားမှာ ဇွန် ၂၅ ရက် မနက် ၇ နာရီလောက်က နှစ်နာရီကျော်အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဇွန် ၂၆ ရက်မှာ ရွာသား ၃ ယောက်က ချည်နှောင်ထားသော ကျွဲတွေကို ပြန်လာလွှတ်ပေးပြီး ရွာထဲကို ဝင်လာစဉ် သေနတ်သံကြားလို့ ပြန်ထွက်ပြေးရာက ရွာသား ၂ ယောက် ပျောက်ဆုံးနေတာပါ။ မနေ့က ရွာသားတယောက်အလောင်း ပြန်တွေ့ခဲ့တာဖြစ်ပြီး ကျန်တယောက်ကိုတော့ အခုအချိန်ထိ ရှာမတွေ့သေးကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။