ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ ပင်းတယ-ရွာငံသွားလမ်း တောင်ပေါ်ကြီးလမ်းပိုင်းကို ဇွန် ၂၉ ရက်က စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPDF) က အသိပေးထုတ်ပြန်ထားပါတယ်။
ဂျိုးဖြူပြောက်ကျားတပ်မှ တာဝန်ရှိသူတဦးက “ပင်းတယကနေ ရွာငံထိ လမ်းကို ယာယီပိတ်မှာပါ။ ဘယ်အချိန်ထိလဲဆိုတာတော့ အတိအကျပြောလို့ မရသေးပါဘူး။ အဲ့ဒီလမ်းက ပင်းတယ-ရွာငံ မိန်းလမ်းမဟုတ်ပါဘူး။ ဖြတ်လမ်းပါ။ မိန်းလမ်းကို အသုံးပြုပြီး သွားလို့ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်ပေါ်ကြီးလမ်းကို အသုံးပြုပြီး ဖြတ်သန်းသွားလာနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတာ၊ ခြုံခိုတိုက်ခိုက်တာတွေကို အလျဉ်းသင့်သလို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ အဲဒီလမ်းကို ဖြတ်သန်းသွားလာတာ မပြုကြဖို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် အရေးပေါ် ဖြတ်သန်းသွားလာရပါက ကားတွေကို မှန်ချမောင်းပေးဖို့၊ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တန်းလို့ သတ်မှတ်ရတဲ့ ကားတွေနဲ့ အနည်းဆုံး ကိုက် ၃၀၀ အကွာမှ မောင်းပေးကြဖို့ တောင်းဆိုထားပါတယ်။