တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အခုသီတင်းပတ်အကုန်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပြီး ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံက အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တယောက် လာရောက်မှုဖြစ်မယ်လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ ဝမ်ယိဟာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ခုလိုရေးသားထားတာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ကို ဝေဖန်ပြစ်တင်တာမျိုးမရှိတဲ့ တရုတ်နိုင်ငံဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ အဓိက ထောက်ပံ့ပေးနေတဲ့ မဟာမိတ်နိုင်ငံလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံမယ်အစီအစဉ် ရှိမရှိကိုတော့ မပြောနိုင်သေးဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက အေအက်ဖ်ပီကို ပြောထားပါတယ်။
တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ ဒီအစည်းအဝေးပွဲကိုတော့ လာမယ့် ဇူလိုင် ၂ ရက်ကနေ ၅ ရက်အထိ ကျင်းပမှာဖြစ်ကာ လန်ချန်းလို့ တရုတ်နိုင်ငံက ခေါ်တဲ့ မဲခေါင်မြစ်ကို မျှဝေထားတဲ့ နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြမယ်လို့ ဆိုပါတယ်။
မတရားအာဏာသိမ်းယူမှုနဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို အနောက်နိုင်ငံ အစိုးရအုပ်စုတွေက ပြစ်ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်နေချိန်မှာ အာဏာသိမ်းစစ်အုပ်စုကတော့ တရုတ်နဲ့ ရုရှားအပါအဝင် မဟာမိတ်တွေအပေါ် ပိုပြီးတော့ အားကိုးလာနေတာဖြစ်ပြီး တရုတ်အစိုးရကတော့ အခြေအနေတွေ ဘယ်လိုပြောင်းလဲသွားပါစေ၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုနဲ့ လွတ်လပ်တဲ့နိုင်ငံအဖြစ် တည်ရှိမှုကို အစဉ်အမြဲ ထောက်ခံသွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ပြောထားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာ စင်မြင့်ထက်မှာတော့ အထီးကျန်ဖြစ်နေပြီး ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်ဟာ စစ်အာဏာသိမ်းပြီးနောက် လာရောက်လည်ပတ်တဲ့ တစ်ဦးတည်းသော နိုင်ငံတကာက ခေါင်းဆောင် ဖြစ်လာခဲ့တာပါ။
ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးပွဲတွေနဲ့ တခြား ဆွေးနွေးဘက်နိုင်ငံတွေရဲ့ ထိပ်သိမ်းအစည်းအဝေးပွဲတွေမှာ ပါဝင်တက်ခွင့်မပြုသလို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးအစည်းအဝေးပွဲတွေမှာ တက်ခွင့်မပြုခဲ့ပါဘူး။