စစ်ကိုင်းတိုင်း ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးစောကျော်နိုင်နဲ့ ဦးဇော်လင်းတို့အား စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၇ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေ ဆန္ဒပြတာနဲ့ အုပ်ချုပ်ရေးမှူးရုံးအား ချိပ်ပိတ်ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူ နှစ်ဦးကို စစ်ကောင်စီတပ်က ကလေးမြို့ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကို ခေါ်ဆောင်သွားကြောင်း၊ ဘာအပြစ်မှမရှိဘဲ သတင်းပေးဆိုပြီး စွပ်စွဲခံရတာလို့ ဖမ်းဆီးခံရသူနဲ့နီးစပ်တဲ့သူတဦးက ပြောပါတယ်။
ဇွန် ၁၅ ရက်နေ့ကလည်း ကလေးမြို့နယ်က ဒေသခံ ၂ ဦးဖြစ်တဲ့ ကိုညီညီမင်းနဲ့ ကိုနေမျိုးသူတို့ကို စစ်ကောင်စီတပ်က PDF လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့ပါသေးတယ်။
ဇွန် ၉ ရက်နေ့ကလည်း ကလေးမြို့ ထွန်းဆေးခန်းပိုင်ရှင် ကိုဖိုးတုတ်ကို စစ်ကောင်စီဆပ်တွေက PDF အတွက် လက်နက်ဝယ်ယူပေးတယ်ဆိုပြီး ဖမ်းဆီးသွားခဲ့ပါသေးတယ်။
ဇွန် ၃ ရက်နေ့ကလည်း ကလေးမြို့ တာဟန်းရပ်ကွက်က ဒေသခံ ကိုလာနွန်မောကိုလည်း စစ်ကောင်စီတပ်ကဖ မ်းဆီးခဲ့သေးပါတယ်။
မေလ ၂၁ ရက်နေ့ကလည်း ကလေးမြို့ တောင်ဖီလာရပ်ကွက်နေ ကိုမြင့်သူဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ PDF ကို ထောက်ပံ့တယ်ဟုစွပ်စွဲကာ ဖမ်းဆီးခံခဲ့ရပါသေးတယ်။
စစ်ကောင်စီတပ်များက လက်ရှိမှာ ကလေးမြို့ပေါ်မှာ ရှောင်တခင်ဝင်ရောက် စစ်ဆေးတာတွေ မကြာခဏပြုလုပ်နေပြီး ဒေသခံတွေကိုလည်း စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်နေတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ လတ်တလောမှာ ကလေးနယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးကာ ကုန်းကြောင်းကသာမက လေကြောင်းကပါ ထိုးစစ်ဆင်နေပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။
ဇွန် ၂၈ ရက်ကလည်း ကလေးမြို့ပင်မသပိတ်အင်အားစုအဖွဲ့သားတွေက ကလေးမြို့လမ်းဆုံ မြို့လယ်ခေါင်မှာ ၅၀၆ ရက်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်းပုဒ်ကိုလာရောက် ချိတ်ဆွဲခဲ့တာနဲ့ပတ်သက်ပြီး လမ်းသွားလမ်းလာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုင်းပုဒ်ကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖြုတ်ချခဲ့ပြီး လမ်းဘေးဝဲယာက ဒေသခံဈေးဆိုင်တွေကိုလည်း စစ်ဆေးမေးမြန်း ခဲ့တယ်လို့ ဆိုပါတယ်။
"ကျနော်ဆို ဆိုင်ကယ်တူးဘောက်တွေ လှန်ပြရတယ်။ ဖုန်းတွေ စစ်တယ်။ ပါတဲ့အိတ်တွေ အကုန်ဖွင့်ပြရတယ်။ ဆိုင်းပုဒ်လာဆွဲတာ မင်းတို့တွေလားဆိုပြီး စွပ်စွဲတယ်" လို့ စစ်ဆေးခံရတဲ့လူငယ်တဦးက ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီက မြို့တွင်းနေရာအများအပြားမှာ ရှောင်တခင်ဝင်ရောက် စစ်ဆေးတာနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ မြို့တွင်းမှာ စစ်ဆေးနေတဲ့အပေါ် ကလေးမြို့ပင်မ သပိတ်အဖွဲ့ဝင် တဦးက "ငါတို့ ကလေးမြို့ကို သူတို့ လုံးဝအုပ်ချုပ်လို့ မရဘူးဆိုတာ ပြသတဲ့အနေနဲ့ ချိတ်ဆွဲခဲ့တာ။ ဘယ်သောအခါမှလည်း အုပ်ချုပ်ခွင့်ရမှာ မဟုတ်ဘူး။ စစ်အာဏာရှင် ကျဆုံးသည်အထိ အမြဲတော်လှန်တိုက်ခိုက်သွားမယ်” လို့ ပြောပါတယ်။
ကလေးမြို့မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၀၀ ဝန်းကျင်ရှိနေပြီး ပစ်ခတ်ခံရလို့ သေဆုံးသူ ဦးရေ ၁၀၀ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရသိရပါတယ်။