မန္တလေးတိုင်း မိုးကုတ်မြို့ စစ်ကောင်စီ နဲ့ မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ပကဖ တပ်ဖွဲ့ဝင်တဦး လက်နက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ မိုးကုတ် ပကဖအဖွဲ့က ပြောပါတယ်။
ဇွန် ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းသုံးကြောင်းနဲ့ မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယာယီစခန်းနေရာကို ထိုးစစ်ဆင်လာတဲ့အချိန် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လက်နက်နဲ့ လူအင်အားများပြီး နောက်ထပ် တပ်ကူတွေပါ ရောက်လာတဲ့အတွက် ပကဖ တပ်ဖွဲ့ဝင်တွေ ဘေးလွတ်ရာကို ပြန်လည်ရှောင်တိမ်းခဲ့ရပြီး အဆက်အသွယ်မရသေးတဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှိသေးတယ်လို့ မိုးကုတ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ပကဖအဖွဲ့ဝင်နဲ့အတူ သေနတ် ၂ လက်၊ ဗုံးသီး ၂၀ လုံး၊ ကျည်ဆန် ၇၀၀ တောင့်နဲ့ မိုင်းတွေ ယမ်းတွေကို သိမ်းဆည်းသွားပြီး ဆိုင်ကယ် ၈ စီးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။