စစ်တက္ကသိုလ်တွေရဲ့ ဗိုလ်လောင်းဝင်ခွင့်တွေအတွက် အသက်ကန့်သတ်ချက်ကို ထပ်တိုးပေးလိုက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးလက်အောက်ခံ သတင်းစဉ်မှာ ဒီကနေ့ ဇွန် ၂၈ ရက်က ဖော်ပြပါတယ်။
စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နဲ့ တပ်မတော် ဆေးတက္ကသိုလ် (အမျိုးသမီး)ဗိုလ်လောင်းဝင်ခွင့်တွေကို မိဘပြည်သူတွေရဲ့ မေတ္တာရပ်ခံချက်အရ ပြင်ဆင်တိုးပေးတာလို့လည်း ဖော်ပြထားပါတယ်။
ဒီတက္ကသိုလ်ဝင်ခွင့်အတွက် အသက်သတ်မှတ်ချက်အနေနဲ့ အရင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အသက် ၁၆ နှစ်ထက်မငယ်ရ၊ ၁၈ နှစ်ထက်မကြီးရလို့ သတ်မှတ်ထားခဲ့ပြီး အခုပြင်ဆင်လိုက်တာက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အသက် ၁၈ နှစ် ၆ လထက် မကြီးရလို့ အသတ်ကန့်သတ်ချက်ကို တိုးမြှင့် သတ်မှတ်လိုက်တာဖြစ်ပါတယ်။
အခုနှစ် တက္ကသိုလ်ဝင်တန်းအောင်တဲ့သူတွေကိုခေါ်ယူနေတာဖြစ်လို့ ကိုဗစ်ကာလ ကျောင်းတွေပိတ်ထားပြီး အောင်မြင်သူကျောင်းသားတွေရဲ့ အသက်ကြီးနေတာကြောင့်အခုလို လုပ်ဆောင်တာလို့ မြင်သူတွေလည်းရှိသလို လျှောက်ထားသူနည်းပါးလို့ အသက်ကန့်သတ်ချက်ကို ဖြေလျှော့လိုက်တာလို့ မြင်သူတွေလည်းရှိပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ဗိုလ်လောင်းလျှောက်လွှာတွေခေါ်ယူရာမှာ လျှောက်ထားသူနည်းလို့ သတ်မှတ်နောက်ဆုံးရက်ကို ၂ ကြိမ်ပြင်ဆင် နောက်ဆုတ်ခဲ့ရပါသေးတယ်။
စစ်တပ်ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်ပြီးချိန်မှာ နိုင်ငံပိုင်သတင်းစာတွေမှာ မျက်နှာပြည့်ကြော်ငြာတွေထည့်ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းတက်ဖို့ ခေါ်ယူလေ့ရှိတာပါ။
ဒီနှစ်အတွက်မှာတော့ လျှောက်လွှာတွေကို လာမယ့် ဩဂုတ် ၅ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာထုတ်ယူခဲ့တဲ့ တိုင်းစစ်ဌာနချုပ်တွေဆီကို ပြန်ပေးရမှာဖြစ်ပါတယ်။
Photo-DSINFO