စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အောက်တောင်းရွာသား ၇ ဦးနဲ့ ဒီနေ့ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေ စိုးရိမ်သောက ရောက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၂ ရက်က ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တောင်းကျေးရွာ ရဲကင်းစခန်းကိုဝင်ရောက်စီးနင်းခဲ့မှုမှာ အောက်တောင်းရွာသား ၇ ဦး ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“စစ်ဆင်ရေးသတင်း ပေါက်ကြားမှာစိုးလို့ အောက်တောင်းရွာသား တဦးတယောက်ကိုမှ ကြိုတင်အသိပေး အကြောင်းကြားတာ မလုပ်သလို မြေပြင်အခြေအနေကိုလည်း ရွာသားတွေနဲ့ အတူ ပူးတွဲ မလေ့လာခဲ့ဘူး” လို့ ဖောင်းပြင် PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။
ရွာခံမပါရင် မဖြစ်နိုင်ဘူးလို့ယူဆပြီး အောက်တောင်းရွာသား ဒလန်ရဲ့ သတင်းပေးမှုကြောင့် ဦးသိန်းလွင် နဲ့ ဦးမိုးအောင်အပါအဝင် ရွာသား ၉ ယောက်ကို ဖမ်းဆီးပြီး ဖောင်းပြင်အခြေစိုက် တပ်ရင်းကို ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
“ဖမ်းထားတာ ၄ လ ကျော်လောက်ရှိပြီ၊ ၉ ယောက်ဖမ်းသွားတာ။ ဦးတင်မောင် နဲ့ သူ့ရဲ့မြေး ဘိုဘို တို့နှစ်ဦးကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲပြီး ထောင် ၂ နှစ်စီ အမိန့်ချလိုက်တယ်။ ကျန် ၇ ယောက်က အခုထိ သတင်းအစအနကို မကြားရတော့ဘူး” လို့ ဖောင်းပြင် PDF အဖွဲ့ဝင်က ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရွာခံ ၇ ဦးဟာ ပြီးခဲ့တဲ့ မေလကတည်းက စစ်ကြောရေးမှာ လက်လွန်ကာ သေဆုံးသွားပြီဟု သတင်းတွေဖြစ်ပေါ်နေတာကြောင့် သေဆုံးသွားခဲ့ရင်လည်း ကျန်ရစ်သူ မိသားစုကို အလောင်းလာယူခိုင်းကာ သင်္ဂြိုဟ်ခွင့်ပေးသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၇ ရက်နေ့ ရောင်းဟီးတိုက်ပွဲအပြီး စစ်ကောင်စီတပ်က အိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။