ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားစီရင်စု၊ ဖူကူယာမမြို့အနီး ကမ်းလွန်မှာ ကျောက်ချရပ်နားထားတဲ့ ကိုရီးယားအလံတင် Shinsung Shipping Co., Ltd. မှ Pluto အမည်ရှိ ကုန်တင်သင်္ဘောပေါ်က မြန်မာနိုင်ငံသား အသက် ၂၀ အရွယ် သင်္ဘောသားတဦး ပျောက်ဆုံးနေပြီး ဂျပန်ကမ်းခြေစောင့်တပ်က ပတ်ဝန်းကျင်ရေပြင်ကို ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း သိရပါတယ်။
Fukuyama Coast Guard စခန်းရဲ့ အဆိုအရ ဇန်နဝါရီ ၁၇ ရက် မနက် ၁၁ နာရီလောက်က သင်္ဘောသားတဦး ပျောက်ဆုံးနေပြီး ပင်လယ်ထဲ ပြုတ်ကျဖွယ်ရှိကြောင်း၊ ဖူကူယာမမြို့ ကမ်းရိုးတန်းမှာ ကျောက်ချရပ်နားထားတဲ့ ကိုရီးယားမှတ်ပုံတင် ကုန်တင်သင်္ဘောမှ အရေးပေါ် ခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့တာကြောင့် ဂျပန်ကမ်းခြေစောင့်တပ်မှ ကင်းလှည့်လှေနှစ်စင်း၊ ရဟတ်ယာဉ်တစင်းနဲ့ ပင်လယ်ပြင်ကို ရှာဖွေနေတယ်လို့ သိရပါတယ်။
အသက် ၂၀ အရွယ် မြန်မာနိုင်ငံသား သင်္ဘောသားကို နောက်ဆုံးတွေ့ရချိန်မှာ ဇန်နဝါရီ ၁၇ ရက် မနက် ၉ နာရီ ၄၅ မိနစ်ခန့်ကဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာဟာ နိုတိုဟယရှိ Abuto မီးပြတိုက်မှ ကမ်းလွန်ရေ ၄ ကီလိုမီတာခန့်အကွာမှာ ဖြစ်ကာ အဆိုပါကုန်တင်သင်္ဘောဟာ ဖူကူယာမမြို့မှ တောင်ကိုရီးယားကို သံမဏိကွိုင်တွေ သယ်ယူဖို့ ပြင်ဆင်နေချိန် အင်ဂျင်ပျက်တာကြောင့် ကျောက်ချထားတာလို့ ဆိုပါတယ်။
ဖူကူယာမ ကမ်းရိုးတန်းစောင့်တပ်က သင်္ဘောကို ဆွဲယူဖို့ ပြင်ဆင်နေချိန်မှာ အဆိုပါသင်္ဘောသားဟာ တခုခုမှားယွင်းပြီး ပင်လယ်ထဲ ပြုတ်ကျသွားနိုင်ဖွယ် ရှိတယ်လို့လည်း သင်္ဘောတာဝန်ရှိသူတွေက ပြောပါတယ်။
ဇော်ဇော်လှိုင်