ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်ရဲ့ ဥကရစ်ထခြေကုပ်စခန်းကို VENOM စစ်ကြောင်းနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ရာမှာ ရင်ဘတ်ကျည်ထိမှန် ကျဆုံးခဲ့တဲ့ CDM ဒုတပ်ကြပ် ဝေလင်းအောင်(ခ) ဇော်ဝင်းထွဋ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့သူရဲကောင်းဆု ချီးမြှင့်လိုက်ပါတယ်။
ဒုတပ်ကြပ်ဝေလင်းအောင်(ခ)ဇော်ဝင်းထွဋ်ဟာ စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂ ရက်မှာ CDM စတင်ဝင်ရောက်ခဲ့ပြီး ရှေ့တန်းအထိပါ ပြည်သူနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး ဇွန် ၂၆ ရက်မှာတော့ အသက်ပေးလှူ ကျဆုံးသွားခဲ့တာပါ။
သူဟာ အရာရှိသေနတ်အပါအဝင် သေနတ် ၂ လက်ယူဆောင်ကာ CDM ပြုလုပ်ခဲ့ပြီး အာဏာရှင်ကိုတော်လှန်ဖို့ ပြင်းပြတဲ့ ဆန္ဒကို မစွန့်လွှတ်ခဲ့ကြောင်းနဲ့ တိုင်းပြည်အတွက် CDM ဝင်ရုံသာမက စစ်အာဏာရှင်ကို အဆုံးထိတိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည် သူရဲကောင်း ဒုတပ်ကြပ် ဝေလင်းအောင် (ခ) ဇော်ဝင်းထွဋ်ကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ နယ်မြေ၊ ဝေါလေဒေသ စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုပ်စခန်းကို KNDO အထူးကွန်မန်ဒိုတပ်ရင်း VENOM စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်နေရာမှာ ဇွန် ၂၇ မွန်းလွဲပိုင်းအထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုပ်စခန်းကို တိုက်ခိုက်ရာမှာ KNDO အထူးကွန်မန်ဒိုတပ်ရင်း စစ်ကြောင်းမှူး စောဝင်းမြင့် ဦးဆောင်တဲ့ VENOM စစ်ကြောင်းက ဇွန် ၂၆ မနက် ၅ နာရီကစတင်ပြီး ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်ကျဆုံးမှုများပြီး တိုက်ပွဲတွေက ပြင်းထန်နေတယ်လို့ VENOM ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို အထူးကွန်မန်ဒို VENOM စစ်ကြောင်းနဲ့အတူ KNDO၊ ကော်ဘရာစစ်ကြောင်းကပါ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။