ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းက ဇွန် ၂၄ ရက် ပျောက်ဆုံးသွားတဲ့ ဆရာ၊ ဆရာမတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ ကရင်နီပြည်ရဲ၊ အမှတ်(၅)ရဲစခန်းနယ်မြေက ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ ခွင့်ပြုချက်မရှိဘဲ စစ်ကောင်စီရဲ့ ညွှန်ကြားမှုအောက်မှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်သင်ကြားတဲ့အပေါ် KSP နဲ့ KNDF တပ်ရင်း ၁၂ တို့ ပူးပေါင်းပြီး သွားရောက်စစ်ဆေးကာ ကျောင်းဆရာ၊ ဆရာမ ၆ ဦးကို ခေါ်ယူ စစ်ဆေးနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ဆေးချက်အပေါ် မူတည်ပြီး စီရင်ချက်တွေချမှတ်ပြီးပါက ကရင်နီပြည်သူတွေကို ထပ်မံအသိပေးမယ်လို့ KSP က ထုတ်ပြန်ကြေညာထားပါတယ်။
လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းက အထက်တန်းပြ ဆရာမဒေါ်နန်း၊ အလယ်တန်းပြဆရာမ ဒေါ်ခင်သန်း၊ ဒေါ်စုလေးငယ်၊ ဒေါ်မြထွေး ၊ မူလတန်းပြဆရာ ဦးအောင်ဇော်ထွေး၊ ဦးကောင်းဇေယျာငြိမ်းနဲ့ ဦးအောင်ဇော်ထွေးတို့ ဇွန်လ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ) ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေတာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
အဲ့ဒီဒေသအတွင်းမှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့၊ KA၊ KNDF၊ PDFနဲ့ တခြားသော ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အပြိုင်အဆိုင်စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။
ကယား (ကရင်နီ)ပြည်နယ်အတွင်းက မြို့ပေါ်မှာသာ စစ်ကောင်စီတပ်လက်အောက်ခံ အခြေခံပညာရေး ကျောင်းတချို့ ဖွင့်လှစ်နိုင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဖွင့်လှစ်တဲ့စာသင်ကျောင်းတွေမှာတော့ တက်ရောက်တဲ့ ကျောင်းသူ/ သားဟာ စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေထက် ပိုမိုများပြားနေပါတယ်။
လွိုင်လင်လေးမြို့မှာတော့ ရဲတပ်ဖွဲ့စခန်း၊ တိုက်နယ်ဆေးရုံ၊ မီးသတ်ဌာန အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးအားလုံး ပိတ်သိမ်း ထားရပါတယ်။