ထိုင်းနိုင်ငံအလယ်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သား ၅ ဦးဟာ နောက်ထပ် ၂ နှစ်လုပ်ကိုင် နေထိုင်ခွင့်ရဖို့နဲ့ ရက် ၉၀ သတင်းပို့ဖို့အတွက် ပွဲစားကိုငွေပေးပြီး လဝကမှာ ဗီဇာတုံးထုခိုင်းပေမယ့် သက်ဆိုင်ရာက စစ်ဆေးရာမှာ အတုဖြစ်နေတာကြောင့် အလုပ်သမားရော အလုပ်ရှင်ပါ အဖမ်းခံခဲ့ရတယ်လို့ ဇွန် ၂၅ ရက် ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လဝကရုံးကို ကိုယ်တိုင်သွားရောက်ဗီဇာထုရမှာဖြစ်ပေမယ့် လည်း ထိုင်းစာ ထိုင်းစကား မတတ်တာကတကြောင်း၊ ရုံးမှာ တနေကုန်သွားတန်းစီရပြီး အချိန် ကုန်တာကတကြောင်းမို့ ပွဲစားနဲ့ ဆက်သွယ်လုပ်ခိုင်းခဲ့ကြောင်း၊ ဝန်ဆောင်ခ ၁ ဦးလျှင် ဘတ် ၄,၈၀၀ နဲ့ ၅ ဦးအတွက် ငွေ ၂၄,၀၀၀ ဘတ်ကုန်ကျခဲ့တယ်လို့ အလုပ်ရှင်က သတင်းထောက်ကို ပြောပါတယ်။
ပွဲစားက ထုလာပေးတဲ့ ဗီဇာတံဆိပ်တုံးဟာ သာမန်လူအနေနဲ့ကြည့်ရင် တကယ့်အစစ်လို့ ထင်ရပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေစစ်လိုက်မှ အတုဖြစ်နေကြောင်း၊ ဒါကြောင့် အဖမ်းခံရတာဖြစ်ပြီး တရားရုံးမှာ အမှုရင်ဆိုင်နေရကြောင်း၊ အလုပ်ရှင်ကတော့ အာမခံနဲ့ အပြင်ရောက်နေပြီး မြန်မာလုပ်သား ၅ ယောက်ကတော့ အချုပ်ထဲမှာရှိနေတုန်းပဲလို့ ဆိုပါတယ်။
ဒါကြောင့် အဆိုပါပွဲစားကို ဖမ်းဆီးအရေးယူပေးဖို့ အလုပ်ရှင်က ထိုင်းအမျိုးသားရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ ပွဲစားဖြစ်တဲ့ အသက် ၃၃ နှစ်ရွယ်ရှိ နန်းဆောင်ပဖိုင်းကျစ်ဆိုသူ ထိုင်းအမျိုးသမီး ၁ ဦးကို ဖမ်းဆီးထားပြီး သူမကတော့ ကြားထဲကနေ ဆက်သွယ်ဆောင်ရွက်ပေး သူသာဖြစ်လို့ ဗီဇာတုံးထုတာ သူနဲ့မဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။
သူမအနေနဲ့ ဗီဇာတုံးထုလိုသူ ရွှေ့ပြောင်းလုပ်သားတွေကို လိုက်ရှာပြီး ထူးဆိုသူ မြန်မာအမျိုးသား ၁ ဦးနဲ့ ပြည့်ဆိုသူ ထိုင်းအမျိုးသား ၁ ဦးကို စာအုပ်တွေပေးလိုက်ကြောင်း၊ သူတို့က ထိုင်းစစ်တပ်နဲ့ ရဲဝန်ထမ်းတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ နန်းဆောင်ပဖိုင်းကျစ်က ပြောပါတယ်။
သူမဟာ လောလောဆယ် အာမခံငွေပေးပြီး ထွက်လာကြောင်း၊ ဗီဇာတုံးအတုမိထားတဲ့ နောက်ထပ်ရွှေ့ပြောင်းလုပ်သားတွေ အတော်များများရှိနေပြီး တာဝန်ရှိသူတွေက ဒီလုပ်ငန်းစဉ် တခုလုံးမှာ ပါဝင်ဆက်စပ်နေသူတွေကို အရေးယူဖို့ ဆက်လက်စုံစမ်းနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါလုပ်သားနဲ့ အလုပ်ရှင်ဟာ ဘယ်မြို့နယ်က ဘယ်နေ့ရက်မှာ ဘယ်လိုအဖမ်းခံရသလဲ ဆို တာတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။