စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန် ၂၆ ရက်နေ့ ဒီဗန့ ကျရောက်တဲ့ ၃၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) က ၆ လတာအတွင်း ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးတွေကို ဖျက်ဆီးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပပြီး ဖျက်ဆီးခဲ့တာလို့ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က သိရပါတယ်။
အခမ်းအနားကို ဒီနေ့မနက် စတင်ခဲ့ပြီး ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ၊ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) ဝင်တွေ၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF Kalay) တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ရပ်/ကျေးပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီအခမ်းအနားမှာ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) အခြေစိုက်စခန်း တည်ရှိရာနေရာတွေမှာ ၆ လတာအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ဘိန်းဖြူ (၂၉၃) ဂရမ်၊ ကာလတန်ဖိုး (၂,၆၄၅,၀၀၀) ကျပ်၊ ဘိန်းမည်း (၂,၉၈၃) ဂရမ် ကာလတန်ဖိုး (၈,၀၀၀,၀၀၀)ကျပ်၊ WY တံဆိပ်ပါစိတ်ကြွဆေးပြား ၃,၉၅၄ ပြား၊ ၄၅၂ ဂရမ်၊ ကာလတန်ဖိုး ၁,၃၁၀,၀၀၀ ကျပ်၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆေးထိုးအပ် ၁ ချောင်းတို့အား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။