ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျပြီး ပြည်သူ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၅ ရက် ဒီကနေ့ မနက် ၇ နာရီက စပြီး ကျောက်ကြီးမြို့နယ် ကေအန်ယူ တပ်မဟာ ၃ တပ်ရင်း ၉ နယ်မြေ အင်းနက်ကျေးရွာအတွင်းကို နတ်သံကွင်း ကျောက်ကြီးကားလမ်းဘေး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသား ၄ ယောက် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ရွာလယ်လမ်းပေါ်နဲ့ အိမ်တအိမ်ထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး မိန်းကလေး ၁ ယောက် ရင်ဘက်နဲ့ ခြေထောက် ဒဏ်ရာရခဲ့ကာ တယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အခုလအတွင်း KNLA နဲ့ စစ်ကောင်စီတပ် ထိတွေမှု အကြိမ်ရေစိပ်လာပြီး ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်တွေ ရွာအတွင်း ကျရောက်တာကြောင့် ကလေးတယောက် အပါအဝင် ရွာသား ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ညနေ ၃ နာရီကျော်အထိ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်ခတ်နေဆဲဖြစ်ပြီး အင်းနက်၊ နရွဲပင်၊ ဝဲလပြင်းရွာက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမှာ နေ့လယ်အချိန်ထိ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးတယ်လို့လည်း ဒေသခံတွေက ပြောပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။