စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ မြန်မာ ဝမ်ပေါင်ကုမ္ပဏီသို့ ပေးပို့နေတဲ့ လျှပ်စစ်ဓါတ်အားလိုင်းတိုင်ကို ဇွန် ၂၄ ရက် ည ၁၀ နာရီခွဲလောက်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာဟာ ညောင်ပင်ကြီး လျှပ်စစ်ဓါတ်အားပေးရေး(ခွဲ)ရုံကနေ မြန်မာ ဝမ်ပေါင် ကုမ္ပဏီလုပ်ကွက်အတွင်းကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေတဲ့ လျှပ်စစ်ပင်မဓါတ်တိုင်တခုဖြစ်ပြီး ဖောက်ခွဲခံရပြီးနောက်ပိုင်း လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုလို ဖောက်ခွဲပြုလုပ်ခဲ့တဲ့အဖွဲ့ဟာ အမိမြေတော်လှန်ရေးတပ်ဖွဲ့နဲ့အတူ Young People Force(YPF) အဖွဲ့တို့က ဖျက်အားပြင်း ဒိုင်းနမိုက်များနဲ့ ဖောက်ခွဲပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ မြန်မာ ဝမ်ပေါင်ကုမ္ပဏီဟာ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ပစ္စည်းတွေကို ဖျက်ဆီးယူဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်ခံတည်းခိုခွင့်ပြုတာ၊ ရိက္ခာထောက်ပံ့တာနဲ့ အားပေးအားမြှောက်ပြုနေလို့ သတိပေးတဲ့အနေနဲ့ ပြုလုပ်ခဲ့တာလို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဝဏ္ဏက ပြောပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီအပေါ်ထားရှိတဲ့ မူဝါဒကို ပြန်လည်စဥ်းစားသုံးသပ်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့သာ ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒပြုတယ်လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ အပေါင်းပါတွေကို အပြီးတိုင်ရှင်းလင်းတိုက်ထုတ်နိုင်စေရေး လက်နက်ခဲယမ်းထပ်မံ ဝယ်ယူနိုင်ဖို့အတွက် ငွေကြေးအခက်အခဲရှိနေတာကြောင့် အမိမြေတော်လှန်ရေးတပ်ဖွဲ့ကို ပြည်သူတွေအနေနဲ့ တတ်အားသရွေ့ပါဝင်လှူဒါန်းပေးကြဖို့ကိုလည်း PDF ခေါင်းဆောင်က တိုက်တွန်း ပြောပါတယ်။
မြန်မာ ဝမ်ပေါင်ကုမ္ပဏီဟာ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတခုဖြစ်ပြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်မှ ကြေးနီသတ္တုတူးဖော်ထုတ်လုပ်ရေးကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ အကျိုးတူဖက်စပ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတခုဖြစ်ပါတယ်။