ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ဖယ်ခုံ၊ ဆီဆိုင်နဲ့ မောက်မယ်မြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဇွန် ၂၅ ရက်က UNICEF၊ UNFPA၊ Relief International (RI)နဲ့ ပအိုဝ်းလူမှုအဖွဲ့တို့ပူးပေါင်းပြီး အခြေခံလူသုံးကုန်တွေထောက်ပံ့ကူညီခဲ့ပါတယ်။
ပအိုဝ်းအရပ်ဘက်အဖွဲ့တာဝန်ရှိသူတဦးက "ကရင်နီပြည်သူတွေနဲ့ ပအိုဝ်းလူထုတွေကို လူမျိုးရေး ပဋိပက္ခမျိုးဖြစ်အောင် လူမှုကွန်ယက်စာမျက်နှာတွေမှာ တမင်ရည်ရွယ်ပြီး ရေးသားဖော် ပြတာတွေကို တွေ့နေရတယ်။ အဲ့ဒါတွေလျော့ချနိုင်ဖို့ ပအိုဝ်းကျန်းမာရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ (PHWC)နဲ့ ပအိုဝ်းငြိမ်းချမ်းရေးဖွံ့ဖြိုးရေးကော်မတီ(PPDC)တို့က နိုင်ငံတကာကူညီရေးအဖွဲ့တွေကို အကူညီတောင်းခံပြီး ကရင်နီဒေသက စစ်ဘေးရှောင်တွေကို ကူညီပေးတာပါ။ ကရင်နီပြည်သူနဲ့ ပအိုဝ်းလူထုဟာ တမြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့ ညီနောင်တွေဖြစ်တယ်ဆိုတာကို ပြောချင်တာပါ"လို့ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ)ပြည်နဲ့ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံပြည်သူလူထု သိန်းနဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။
အဲ့ဒီထဲက စစ်ရှောင်မိသားစုတချို့သာ အကူအညီတချို့ရရှိကြပြီး အများစုကတော့ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ထောက်ပံပေးဖို့ လိုအပ်နေသေးတယ်လို့ အရပ်ဘက် လူမှုရေးအသင်းအဖွဲ့တွေက ဆိုပါတယ်။