မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ အနောက်ဘက်အင်းအတွင်း ဇွန် ၂၄ ရက် မနက် ၆ နာရီခွဲလောက်က စက်လှေတစီး နစ်မြုပ်ခဲ့ပါတယ်။
စက်လှေဟာ မြွေဟင်္သာရွာကနေ စကျင်ရွာဘက်ကို ကူးလာတဲ့အချိန် မှောက်ခဲ့တာဖြစ်ပြီး စက်လှေပေါ်မှာ အမျိုးသား ၅ ဦး လိုက်ပါလာရာ ၄ ဦး အသက်ရှင်ကာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) မှ တာဝန်ရှိသူက “ကျနော်တို့ မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ ဒိုင်ဗာတင်းက သွားရောက်ရှာဖွေ ကယ်ဆယ်ခဲ့တာ။ စက်လှေပေါ်ပါတဲ့ ၅ ဦးမှာ တဦးက ပျောက်သွားတဲ့အတွက် ရှာဖွေခဲ့ရတယ်။ နေ့လယ် ၁၂ နာရီလောက်မှာ ရုပ်အလောင်းကိုတွေ့တယ်။ ဒီအချိန်က ရေတိုးတဲ့အချိန်ဆိုတော့ မတော်တဆ မှောက်တာဖြစ်မယ်” လို့ ပြောပါတယ်။
ရေနစ်သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ် ဇင်ကို ဆိုသူဖြစ်ပြီး ရုပ်အလောင်းကို မတ္တရာပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။