စစ်ကိုင်းတိုင်း ကောလင်းမြို့ ငပွေးကြီးရပ်ကွက်ရှိ နေအိမ်ကို ခွင့်နဲ့ပြန်လာတဲ့ ခမရ (၁၁၁) ဝန်းသိုတပ်ရင်းမှ တပ်ကြပ်ကြီး ထွန်းလင်းအား ဇွန် ၂၂ ရက်နေ့က နေအိမ်မှာ ကောလင်း ပကဖ ရဲဘော်တွေ ဝင်ရောက်ဖမ်းဆီးချိန် လက်ပစ်ဗုံးနဲ့ ပြန်ပစ်ပြီးခုခံလို့ သေနတ်နဲ့ ၅ ချက် ပစ်ခတ်ရာ ဆေးရုံအရောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ တပ်ကြပ်ကြီး ထွန်းလင်းထံကနေ ၅.၅၆ ကျည် ၁၇ တောင့်၊ ဓားရှည် ၁ ချောင်း၊ ဓားမြှောင် ၂ ချောင်း၊ လက်လုပ်ပစ္စတို-အပျက် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပကဖ အဖွဲ့က ပြောပါတယ်။
“အိမ်ထဲမှာ သေဆုံးသူရဲ့ မိခင်နဲ့ မိသားစုဝင်တွေရှိတယ်၊ ပြည်သူ့ရဲဘော်တွေက တိုက်ခိုက်ခြင်းမရှိခဲ့ဘဲ အေးဆေးစွာ နေခွင့်ပြုခဲ့တယ်။”
တပ်ကြပ်ကြီး ထွန်းလင်းရဲ့ အစ်ကိုဖြစ်သူဟာလည်း စစ်ကောင်စီတပ်တွေကို သတင်းပေးနေတာကြောင့် လွန်ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက သုတ်သင် ရှင်းလင်းခံရတယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒေသခံ ငပွေးကြီးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။