Home
မြန်မာသတင်း
အရာတော် နောင်ကြီးအိုင်ရဲစခန်းနှင့်စစ်ကောင်စီတပ်စွဲထားသည့်နေရာ ဒရုန်းဖြင့်တိုက်ခိုက်ခံရ
DVB
·
June 23, 2022
Screenshot 2022-06-23 162327

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် နောင်ကြီးအိုင်ကျေးရွာရဲစခန်းနဲ့ ဝက်ပြစ်ကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားတဲ့ နေရာတွေကို ဇွန် ၂၂ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ လင်းယုန်ညီနောင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

နောင်ကြီးအိုင်ကျေးရွာရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေဟာ  နယ်မြေလုံခြုံရေးအကြောင်းပြကာ အနီးနားက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာတွေနဲ့ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။

“အဲ့ဒီနေ့က နေရာ နှစ်နေရာကို ကျနော်တို့အဖွဲ့က ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့တယ်။ နောင်ကြီးအိုင်ရဲစခန်းနဲ့ ဝက်ပစ်ကျေးရွာ ခန္တီတောရကျောင်းအနီး ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုပါ။ နောင်ကြီးအိုင်စခန်းက ကောင်တွေက အနီးနားက ရွာတွေပတ်သောင်းကျန်းတာတွေရှိတယ်။ ဘာမှမဟုတ်ဘဲ အကြောင်းမဲ့ ရမ်းသမ်းပစ်တာတွေလည်း မကြာခဏလုပ်လေ့ရှိတယ်။ ကျနော်တို့အဖွဲ့ရဲ့ အခု ဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး ရန်သူအသေပျောက်စာရင်းအတိကျတော့ စုံစမ်းနေဆဲပဲ။ ပြောနိုင်တာကတော့ ထိခိုက်ဒဏ်ရာရမှုကတော့ အနည်းဆုံးရှိနိုင်တယ်လို့ပဲ ပြောနိုင်ပါတယ်” လို့ လင်းယုန်ညီနောင်အဖွဲ့က ပြောပါတယ်။

နောင်ကြီးအိုင်ရဲစခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း မိုင်းဆွဲတိုက်ခိုက်ခံရသလို အခုနှစ် မတ်လ ၇ ရက်နေ့ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အရာတော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က ဒေသတွင်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် ကျေးရွာနေပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Video - အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခံရစဉ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024