မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ ဇွန် ၂၂ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ဇက်ရေယာဉ်တစီး ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
စစ်တပ်နဲ့ ရဲတွေလိုက်ပါလာတဲ့ ဇက်ရေယာဉ်တစီးဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာလို့ မနေ့က ဇွန် ၂၂ ရက် မနက် ၉ နာရီလောက်မှာ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ် ၆ ဖွဲ့ ပူးပေါင်းပြီး ချုံခိုတိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်။
အဲဒီတိုက်ပွဲကို ရေစကြို ပ.က.ဖ၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရေလယ်ကျွန်းတပ်ပေါင်းစုတပ်ရင်း၊ ဒေါင်းညီနောင် PDF၊ ရဲဘော်ညီနောင် PDF နဲ့ Wolf Brothers PDF တို့ ပူးပေါင်းပြီး ၁၅ မိနစ်လောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေပြီး ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
ရေလယ်ကျွန်းဒေသ ပေါက်တောကျွန်းရွာနဲ့ မိဖုရားရွာကြားမှာလည်း ဇွန် ၁၅ ရက်မှာ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေက ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။