ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဇွန် ၂၁ ရက် ညနေပိုင်းက စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) သုံးဦးကို ရက္ခိုင်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာကြောင့် စစ်ကောင်စီက ကျောင်းသားသုံးယောက် အပါအဝင် ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြောက်ဦးမြို့ အလယ်စျေးအနီး၊ ငွေတောင်ပေါက်၊ နာရေးရုံးအနီးနဲ့ ရွှေဂူတောင် စတဲ့နေရာတွေ အပါအဝင် မြောက်ဦးမြို့ နေရာတော်တော်များများမှာ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ရဲအချုပ်ကားနဲ့ ဖမ်းဆီးနေတာလို့ မြို့ခံတဦးက ပြောပါတယ်။
“ဖမ်းဆီးနေတာက မြို့ရဲ့ နေရာတော်တော်များများမှာ ဖမ်းဆီးနေတာ။ လူ ၃၀ နီးပါးလောက် ဖမ်းဆီးခံထားရတယ်လို့ သိရတယ်။ အဲဒီအထဲမှာ ကျောင်းသား ၃ ယောက်ပါတယ်ဆိုပြီး ကြားတယ်။ အဖမ်းခံရတဲ့အထဲမှာ အမျိုးသားတွေရော အမျိုးသမီးတွေလည်း ပါတယ်။ သူတို့ကို ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး။”
မြောက်ဦးမြို့မှာ ဇွန် ၂၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် စရဖ ၃ ယောက် ဖမ်းဆီးခံရကတည်းက စစ်ကောင်စီက လုံခြုံရေးတင်းကျပ်စစ်ဆေးနေတာကြောင့် စာသင်ကျောင်းတွေနဲ့ စျေးတွေပါ ပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
ကျောက်တော်မြို့မှာလည်း ဇွန် ၂၀ ရက်က ရဲ ၃ ယောက်ကို အေအေက ဖမ်းဆီးသွားတာကြောင့် မြို့က တက်ကြွလှုပ်ရှားသူတချို့ အပါအဝင် မြို့ခံ ၃၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရသလို ပုဏ္ဏားကျွန်းမြို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ဖမ်းဆီးခံခဲ့ရတာကြောင့် ဒေသခံ ၁၀ ယောက်နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်အထိ အေအေက ဖမ်းဆီးထားပါတယ်။ စစ်ကောင်စီကလည်း အရပ်သား ၈၀ နီးပါးကို ပြန်လည်ဖမ်းဆီးထားပြီး အနည်းငယ်သာ ပြန်လည်လွတ်မြောက်လာပါသေးတယ်။