Home
မြန်မာသတင်း
မြန်မာပြည် ယိုယွင်းပျက်စီး ကျရှုံးနိုင်ငံအဖြစ်ဦးတည်နေဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်
DVB
·
June 22, 2022
United_League_of_Arakan_flag.svg

မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံ ယိုယွင်းပျက်စီးဆုတ်ယုတ်နေပြီး ကျရှုံးနိုင်ငံအဖြစ်ဦးတည်နေသလို မြန်မာစစ်တပ်ရဲ့ လူမျိုးရေး ဘာသာရေးပဋိပက္ခထောင်ချောက်ထဲကို ရခိုင်ပြည်သူတွေ မကျသွားအောင် သတိပြုကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်တိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ ရက္ခိုင့်တပ်တော်(AA) ရဲ့ နိုင်ငံရေးအဖွဲ့အစည်း ULA က  ဇွန် ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပြောဆိုသတိပေးလိုက်တာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ချင်တဲ့ အစုအဖွဲ့တွေရဲ့တိုက်ပွဲတွေ နိုင်ငံအနှံ့အပြားမှာ နေ့တိုင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၁ နှစ်ကုန်ကာနီးအချိန်ကစလို့ ရခိုင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေရပ်တန့်ခဲ့ပေမယ့် မြန်မာစစ်တပ်ဟာ စစ်ရေးပြင်ဆင် လှုပ်ရှားတာ၊ စစ်အင်အားလက်နက်အင်အားတွေဖြန့်ကြက်တာ၊ ဒေသတွင်းမှာ ပြည်သူလူထုတွေအပေါ် ဖိနှိပ် အနိုင်ကျင့် ဖမ်းဆီးနှိပ်စက်တာ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အဖွဲ့ဝင်တွေကိုဖမ်းဆီးတာ စတာတွေအပြင် လူမှုသဟဇာတဖြစ်နေတဲ့ ရခိုင်နဲ့ ရခိုင်မဟုတ်တဲ့ လူမျိုး မျိုးနွယ်စုတွေအကြား သုံးနေကျ လက်နက်ဟောင်းတခုဖြစ်တဲ့ သပ်လျှိုဖြိုခွဲတဲ့နည်းလမ်း၊ အချိုသပ် မက်လုံးပေးတဲ့နည်းလမ်းတွေကိုသုံးပြီး လူမျိုးရေး ပဋိပက္ခတွေကို ဖန်တီးဖို့ ကြိုစားနေတယ် လို့လည်း ဆိုပါတယ်။

ဇွန် ၁၆ ရက်က မောင်တောမြို့နယ်က ကျောင်းအုပ်ဆရာကြီးနဲ့ လက်ထောက်ဆရာမတို့ကို ပြန်ပေးဆွဲတဲ့ ဖြစ်စဉ်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင်ရွာက မွတ်စလင်လူငယ်တယောက်ကို ရိုက်နှက် လက်ပြန်ကြိုးတုပ်ပြီး ကျောကုန်းကို ကျောက်တုံးနဲ့ ဖိထားတဲ့ ဖြစ်စဉ်တို့အပြင် ပြီးခဲ့တဲ့လတွေမှာလည်း မြောက်ဦး၊ ကျောက်တော်စတဲ့ မြို့တွေမှာ စပါးရိတ်စက်တွေ၊ ကောက်လှိုင်းတွေ မီးရှို့ခံရတာ၊ မုဒိမ်းကျင့်ဖို့ ကြံစည်တာအပါအဝင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်တွေကို စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ရခိုင်တချို့၊ အမျိုးသား သစ္စာဖောက်တချို့နဲ့ စစ်တပ်ထဲက ရခိုင်စကားပြောတတ်သူတွေကို အသုံးချခဲ့တာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လူမှုကွန်ရက်ပေါ်က သတင်းတွေကို အသိဉာဏ်နဲ့ ဆင်ခြင်ဖတ်ရှုကြဖို့၊ ပဋိပက္ခကို ဦးတည်တဲ့ အရေးအသား လှုံ့ဆော်တာတွေ ရေးသားဖြန့်ဝေတာတွေ မလုပ်ဖို့၊ အတိတ်ကဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခဖြစ်ရပ်တွေကို သင်ခန်းစာယူကြဖို့ ULA က တိုက်တွန်းထားပြီး နောက်ထပ် အလားတူ ဖြစ်စဉ်တွေ မပေါ်ပေါက်စေဖို့အတွက်လည်း ဂရုစိုက်ကာကွယ်စောင့်ထိန်းကြဖို့ လိုတယ် လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024