စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ ကလေးမြို့အကြားမှာရှိတဲ့ ကားလမ်းမတွေနဲ့ လမ်းကြောင်းတွေပေါ်မှာ ဇွန် ၂၂ ရက်ကစပြီး တရွာနဲ့တရွာ ကူးလူးသွားလာတာတွေ မလုပ်ဖို့ တမူး PDF အဖွဲ့က သတိပေး တားမြစ်လိုက်ပါတယ်။
အခုလို သတိပေးရတာဟာ ဒေသတွင်းမှာ စစ်ရေးတင်းမာနေလို့ဖြစ်ပြီး အချိန်အခါမရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် ကုန်စည်စီးဆင်းမှုအတွက် သွားလာနေကြတဲ့ ကျေးရွာတွင်း ချိတ်ဆက်ကားတွေအနေနဲ့ သွားလာတာမပြုဖို့ တမူးPDF က သတိပေးထားတာပါ။
တမူး PDF တပ်ရင်း ၂ တာဝန်ရှိသူတဦးက “တမူး-ကလေး ကားလမ်းကြောင်းမှာပဲ တိုက်ပွဲက ၂ နေရာဖြစ်နေတာ။ ခရီးသွားပြည်သူတွေအနေနဲ့ ကျနော်တို့တပ်ရင်းတွေရဲ့ သတိပေး ထုတ်ပြန်ချက်တွေကို လိုက်နာပေးကြပါ။ ကျနော်တို့ တမူးနယ်မှာ စစ်ရေးတွေ အရှိန်အဟုန် မြှင့်တင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအနီးက ဒေသခံတွေလည်း ဘေးလွတ်ရာဒေသမှာ ရှောင်တိမ်းနေထိုင်ပေးကြပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖြတ်သန်းသွားလာမှုတွေကိုလည်း စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပြီး မြေပြင်အဖွဲ့တွေက လမ်းပိုင်းနေရာတွေမှာ စစ်ဆေးမေးမြန်းတဲ့အခါ ကြည်ဖြူစွာနဲ့ အစစ်ဆေးခံကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
အချိန်အခါမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာရပ်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ တမူး PDF အဖွဲ့က အသိပေး ကြေညာထားပါတယ်။