စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကလေး PDF အမှတ် ၆ တပ်ရင်းက ၁၄ ရက်အတွင်း ကျပ်သိန်း ၁၂၀ တန် M4 သေနတ်တလက် ရရှိနိုင်ရေး Project ကို ဒီကနေ့ ဇွန် ၂၂ ရက်က စတင်ခဲ့ပါတယ်။
အဲ့ဒီ Project ကို ဇူလိုင် ၅ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး လတ်တလော ကလေးမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် လက်နက်ခဲယမ်း အများအပြား လိုအပ်နေတာကြောင့် challenge ပြုလုပ်ရခြင်း ဖြစ်တယ်လို့ ကလေး PDF အမှတ် ၆ တပ်ရင်းက ကိုဂျပန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
"လက်နက်အင်အားက နည်းသေးတယ်။ ဒါပေမဲ့ ရှိတဲ့လက်နက်အင်အား အနည်းငယ်နဲ့ စစ်ကောင်စီကို တွန်းလှန်နေရတယ်။ ခွေးမြန်မြန်မောင်းဖို့ဆိုတာ လက်နက်များများလိုတယ်။ ဒါကြောင့် ဒီချဲလင့်ကို ခေါ်ရခြင်းဖြစ်ပါတယ်။ လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် လုံခြုံစိတ်ချရအောင် စီစဉ်ထားတာမို့ လှူဒါန်းကူညီ အားဖြည့်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။"
ဆက်လက်ပြီး သူက "လှူဒါန်းပေးလိုတဲ့ မိဘပြည်သူတွေအနေနဲ့ ကလေး PDF အမှတ် ၆ တပ်ရင်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ ကိုဂျပန်ကြီး (Ko Ja Pan Gyi) ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တို့မှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ပြည်သူသာလျှင် အဓိကမို့ ပြည်တွင်းပြည်ပက မိဘပြည်သူတွေအနေနဲ့ Project ပြည့်မီအောင် လှူဒါန်းပေးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။
အလှူငွေ လှူဒါန်းပါဝင်တဲ့ ပြည်သူတယောက်ချင်းစီကိုလည်း Certificate ပေးမှာဖြစ်ပြီး အလှူငွေ လှူဒါန်းခြင်းနဲ့ Project အကြောင်း အသေးစိတ်သိရှိလိုပါက ကလေး PDF အမှတ် ၆ တပ်ရင်းရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာရဲ့ မက်ဆင်ဂျာကနေ မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။