မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁၅ လကျော်ကာလအတွင်း စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၀၀၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၂၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၁၅၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၁၆၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ အယောက် ၃,၀၄၁ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်အထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၆၁၇ ထက်မနည်း ရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်မနက် ၅ နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ လက်ကောက်ကျကျေးရွာနဲ့ ထုံးဘိုကျေးရွာဘက်ကို အကြမ်းဖက်စစ်အုပ်စုတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တောင်ပေါ်မှာ ကင်းစောင့်နေတဲ့ ထုံးဘိုကျေးရွာမှ ကိုအောင်ကြီးနဲ့ လက် ကောက်ကျကျေးရွာမှ ကိုကျော်လွင်တို့မှာ လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် ဇွန် ၁၈ ရက် တရက်တည်းမှာပဲ ညပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့မှာ နေထိုင်တဲ့ မသင်းသီရိစိုးကို အကြမ်းဖက်စစ်အုပ်စုတပ်က နေအိမ်မှာ ဝင်ရောက်ရှာဖွေချိန်မှာ မတွေ့တာကြောင့် သူ့ရဲ့ ဖခင်ဖြစ်သူ ဦးမြင့်သန်းကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါ တယ်။ မသင်းသီရိစိုးဟာ စစ်အုပ်စုရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်တွေအပေါ် လူမှုကွန်ရက်စာမျက်နှာပေါ် ဝေဖန်ရေးသားခဲ့တာကြောင့် စစ်အုပ်စုသတင်းပေးရဲ့ တိုင်ကြားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။