ရန်ကုန်မြို့မှာရှိတဲ့ လူကူးခုံးကျော်တံတားတွေပေါ်မှာ ပြည်သူလူထုတွေကို ဖြတ်သန်းသွားလာခွင့်မပေးပဲ စစ်ကောင်စီက ပိတ်ပင်ထားလိုက်ပြီး လက်နက်ကိုင်စစ်တပ်တွေ အစောင့်အဖြစ်ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မှာရှိတဲ့ လူကူးခုံးကျော်တံတားတွေကို အန်အယ်လ်ဒီအစိုးရလက်ထက်က ပြည်သူတွေ ယာဥ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ဖို့ တည်ဆောက်ပေးခဲ့တာဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် အဲ့ဒီတံတားကိုအသုံးပြုခွင့်မပေးဘဲ သူတို့တပ်တွေပဲနေ ရာယူထားတာပါ။
ဒါ့အပြင်ရန်ကုန်မြို့ ပြည်လမ်း ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ Junction Square ဘက်ကို မြေအောက်ကနေ ဖြတ်ကူးနိုင်တဲ့ မြေအောက်ဥမင်လျှောက်လမ်းကိုလည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ဦးဆောင်ပြီး ဖောက်လုပ်ပေးခဲ့ပြီးတော့ အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင်က အဲ့ဒီဥမင်လမ်းကို တက်ရောက်ဖွင့်လှစ်ခဲ့ပေမယ့် ပြည်သူတွေက ယနေ့အထိ အသုံးပြုခွင့် မရသေးပါဘူး။
ရန်ကုန်မှာရှိတဲ့ ဆန္ဒပြလူငယ်တွေဟာ စစ်ကောင်စီရဲ့လုံခြုံရေးတွေမရှိတဲ့အချိန်မျိုးဆိုရင် စစ်အာဏာရှင်ဆန့်ကျင်တဲ့ စာတန်းတွေနဲ့ တော်လှန်ရေးနဲ့ပတ်သက်တဲ့ စာတန်းတွေကို ချိတ်ဆွဲလေ့ ရှိပါတယ်။