တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ရှိ မြို့နယ်ပညာရေးမှူးရုံး ခြံဝင်းအတွင်း ဇွန် ၁၉ ရက် ည ၉ နာရီခွဲလောက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပေမဲ့ ရုံးခြံဝင်းထဲက အဆောက်အအုံ တခုမှာတော့ အနည်းငယ် ပျက်စီးသွားတယ်လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမျိုး မရှိသေးသလို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း အတည်မပြုနိုင်သေးပါဘူး။
မေလကလည်း ရေဖြူမြို့က ဌာနဆိုင်ရာရုံးတွေနားမှာ အခုလို ပေါက်ကွဲမှုတွေ နှစ်ကြိမ်ဖြစ်ခဲ့ပြီး အဲဒီဖြစ်စဉ်တွေကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်တာမျိုး မရှိခဲ့ပါ။
ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ကတော့ ပညာသင်ယူနေသူတွေနဲ့ ပညာရေးအဆောက်အအုံတွေကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ ဇွန် ၉ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။