ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ဇွန် ၁၇ ရက်နေ့က ရေနံသာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၀၄ ဦးထဲက ၅၃ ဦးကို ပုဒ်မ ၆(၃)နဲ့ တရားစွဲဆိုခဲ့ပြီး ရေကြည်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “တရားစွဲထားတာတော့ အားလုံးကို စွဲထားတာ၊ ခုက အသုတ်ခွဲပြီး ပြစ်ဒဏ်ချတဲ့သဘောပါ။ တရားစွဲတာတော့ တရားလိုကို လဝကလုပ်ပြီးစွဲတာပါ၊ ၁၇ ရက်နေ့က ပြစ်ဒဏ်ချလိုက်တာ” လို့ ပြောပါတယ်။
ရေကြည်မြို့နယ်တရားရုံးမှာ ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က လုံခြုံရေးယူပြီး ပုသိမ်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြစ်ဒဏ်ချမှတ်ဖို့ ကျန်နေတဲ့ ရိုဟင်ဂျာ ၅၁ ဦးကို နောက်လာမယ့်ရုံးချိန်းမှာ ထပ်မံအမိန့်ချမှတ်သွားမယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
အဆိုပါ ရိုဟင်ဂျာ ၁၀၄ ဦးဟာ ရခိုင်ပြည်နယ် ဂွမြို့ဘက်ကနေ မြေသယ်ကား ၃ စီးနဲ့ သယ်ဆောင်လာချိန်မှာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ရေနံသာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရပြီး ခုလို ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတာပါ။
မြေသယ်ကားတွေကို မောင်းနှင်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးကိုလည်း စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ သိရပါတယ်။