ကရင်ပြည်နယ်၊ သံတောင်မြို့ စာတိုက်ရုံးလမ်းဆုံမှာ ဇွန် ၂၀ ရက် မနက် ၁၀ နာရီလောက်က လုံခြုံရေးအကြောင်းပြချက်နဲ့ ခရီးသွားပြည်သူတွေကို တားဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် တပ်ကြပ်ကြီးအဆင့်ရှိ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တယ်လို့ သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ လမ်းပေါ်သွားလာနေတဲ့ ဒေသခံတွေ၊ ခရီးသွားပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေနဲ့ ဖုန်းတွေကိုစစ်ဆေးရာမှာ ဆဲဆိုတာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အပြင် မတရားဖမ်းဆီးခံရမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံပြည်သူတဦးက “အပစ်ခံရလို့ သေတာတော့ကြားတယ်။ သူတို့က အထူးသဖြင့် ဆိုင်ကယ်တွေကို တအားစစ်တယ်။ ဒေသခံတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ စကားမပြောတတ်လို့ရှိရင် စစ်ဆေးမေးမြန်းတာက စိတ်ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရပြီးနောက် အနီးပတ်ဝန်းကျင်ကို ပြန်လည်ရမ်းသမ်းပစ်ခတ်တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးလောက်ဟာ ပစ်ခတ်မှုဖြစ်ပွားတဲ့အနီးက စာသင်ကျောင်းမှာ ဝင်ရောက်တပ်စွဲပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေသလို ဖမ်းဆီးမှုတွေပါ လုပ်ဆောင်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုသွားလာကြဖို့ သံတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇွန် ၇ ရက် မနက် ၈ နာရီလောက်က သံတောင်မြို့နယ် စစ်ကောင်စီရဲ့ ၁၃ မိုင်တပ်စခန်းအတွင်း စနိုက်ပါနဲ့ပစ်ခတ်ခဲ့တဲ့အတွက် အရာရှိတဦးက သေဆုံးခဲ့ပါတယ်။
အလားတူမေ ၅ ရက် မနက် ၈ နာရီလောက်က သံတောင်မြို့ရဲစခန်းက ရဲတပ်ကြပ် စိုးဝင်ထိုက်နဲ့ ရဲတပ်သားတစ်ဦး အရပ်ဝတ် ဝတ်ဆင်ပြီး ဆိုင်ကယ်နဲ့ သံတောင်မြို့ဝင်ဂိတ်အလာ စိုက်ပျိူးရေးတံတားထိပ်အရောက် သံတောင်ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်းပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့ပါတယ်။